ထိုင်းနိုင်ငံ IDC မှာ ဆန္ဒပြခဲ့တဲ့ ထိန်းသိမ်းခံ မြန်မာလုပ်သားတွေ အိမ်ပြန်ခွင့်ရပြီ

ဇန်နဝါရီ ၃၀ – ၂၀၂၃
GG(VOM)

မြန်မာနိုင်ငံကို ပြန်လိုကြောင်း ဆန္ဒပြခဲ့ကြတဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ပေးဖို့ ညှိနိူင်းမှုအဆင်ပြေခဲ့တယ်လို့ ဘန်ကောက် မြန်မာနိုင်ငံဆိုင်ရာသံရုံးက ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ရှိကြောင်း ၊ အားလုံးကို ဖေဖော်ဝါရီလထဲမှာ ၃ သုတ်ခွဲပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

” သူတို့ပြန်ချင်ကြတယ် ဒါကြောင့်ဆန္ဒပြကြတယ် နေရတာက လူရာကျော်ကို အခန်းကသေးတော့ ကြပ်နေတယ်၊ အဲ့ဒီတော့ဆန္ဒပြကြတာ ဒီတော့မှ သတင်းတွေပေါ်ရောက်၊သံရုံးက ဂရုစိုက်ပြီး အခုတော့ သူတို့အကုန် အိမ်ပြန်ခွင့်ရကြပြီပေါ့။ ၃ ကြိမ်ခွဲပြီးပြန်ပို့မယ်လို့သိရတယ် “လို့ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးကူညီပေးနေသူ ကိုမျိုးဇော်မင်းက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လာမယ့်ဖေဖော်ဝါရီ၂ ရက်နေ့မှာ ပထမဆုံးအဖြစ် လူ ၂၂၀ ကို မြန်မာနိုင်ငံ ပြန်ခေါ်မှာဖြစ်ပြီး ကျန်တဲ့အလုပ်သမားတွေကိုတော့ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၁၅ ရက်တွေမှာ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာ အသက်အရွယ်ကြီးသူတွေပါသလို ကိုယ် ဝန်သည်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ဇန်နဝါရီ၂၉ ရက်နေ့မှာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိနဲ့ IDCကတာဝန်ရှိသူတွေဟာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလုပ်သားတွေဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အခန်းကိုပိတ်ပြီး အစာအငတ်ခံကာ ဆန္ဒပြခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာ အခုလိုအိမ်ပြန်ခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထိုင်း #ထိန်းသိမ်းခံမြန်မာနိုင်ငံသားတွေ #နေရပ်ပြန်ခွင့်ရ

Related posts

Leave a Comment

VOM News

FREE
VIEW