ပါကစ္စတန်မှာ ဘတ်စ်ကားတစီး ချောက်ထဲကို တိမ်းမှောက်မီးလောင်မှု လူ ၄၀ ကျော်သေဆုံး

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ-၃၀-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ ဘတ်စ်ကားတစီးချောက်ထဲကိုတိမ်းမှောက်ပြီး မီးလောင်မှုကြောင့် လူ ၄၀ ကျော် သေဆုံးသွားကြောင်း တာ၀န်ရှိသူများက ဇန်နဝါရီ ၂၉ ရက်မှာပြောပါတယ်။

နိုင်ငံအနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ လူ ၄၀ ဦး အခင်းဖြစ်ရာမှာသေဆုံးပြီး ဒဏ်ရာရသူတဦးကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

ဘတ်စ်ကားဟာ တောင်ပိုင်းဘယ်လာမြို့ကနေ ကရာချိသို့ လာရောက်စဉ် တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိသူသုံးဦးနဲ့ အတူ ရုပ်အလောင်း ၄၀ ကျော်ကိုတွေ့ရှိခဲ့ရပြီး အလောင်းများကို ဘယ်သူဘယ်ဝါ မခွဲခြားနိုင်သေးကြောင်းနဲ့ ဒီအင်န်အေ စစ်ဆေးကာ ဖော်ထုတ်သွားမယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဘတ်စ်ကားဟာ ချောက်ထဲသို့မကျမီ တံတားလက်ရန်းတိုင်ကို ၀င်တိုက်မီခဲ့ပြီး ယာဉ်မတော်တဆဖြစ်ပွားရတဲ့ အသေးစိတ်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် အလားတူနေ့မှာပဲ နိုင်ငံအနောက်မြောက်ပိုင်းမှာလည်း စက်လှေတစ်စင်း နစ်မြုပ်မှုကြောင့် ကလေး ၁၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။

စက်လှေတိမ်းမှောက်တဲ့ ရေကန်ထဲမှတွေ့ရှိခဲ့တဲ့ အလောင်းတွေဟာ အသက်ခုနှစ်နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်များဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW