ပြင်ဦးလွင်မြို့လယ်မှာ အသတ်ခံထားရတဲ့ အလောင်း၂ လောင်းတွေ့

ဖေဖော်ဝါရီ ၊ ၇ ၊ ၂၀၂၃
SP(VOM)

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းနဲ့ ၁၇ လမ်းထိပ် ၊ ချယ်ရီ ဟိုတယ်အနီးမှာ ဖေဖော်ဝါရီ ၇ ရက် ၊ ဒီကနေ့ မနက် အစောပိုင်းက အသတ်ခံထားရတဲ့ အလောင်း၂ လောင်းတွေ့ရှိခဲ့တယ်လို့ ပြင်ဦးလွင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အမည်မသိ (စုံစမ်းဆဲ) အမျိုးသား ၂ ယောက် ၊ ဓားနဲ့ထိုးပြီး အသတ်ခံထားရတာပါ ၊ အသက်က ၂၀ နဲ့ ၃၀ ကြား အရွယ်တွေဖြစ်တယ် ၊ အခုတော့ အဲ့ဒီ အလောင်းတွေကို ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကူညီပေးထားတယ်”လို့ သန္တိသုခ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူ အမျိုးသား ၂ ဦးက ဝမ်းဗိုက်နဲ့ ရင်ညွန့်နေရာတွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် ၊ သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အခုထိတော့ စုံစမ်းနေဆဲဖြစ်တယ် ၊ သူတို့ ဘာကြောင့် အသတ်ခံရတယ်ဆိုတာ သိနိုင်ဖို့ အမှုဖွင့် စစ်ဆေးသွားမယ်”လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းကလည်း ကြက်ခြံလုပ်သားတွေ အသတ်ခံရလို့ ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo- သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ပြင်ဦးလွင် #အသတ်ခံထားရတဲ့အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW