ရေဦးမြို့မှာ လက်နက်ကြီးကျပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံး၊(၂)ဦးဒဏ်ရာရ

ဖေဖော်ဝါရီ၊ ၉-၂၀၂၃
MM(VOM)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ရွာအတွင်းထဲကို မနေ့ ဖေဖော်ဝါရီ ၈ရက် ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး(၂)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

”မနေ့က ညပိုင်းကဖြစ်တာ ဇီးကန်ရွာထဲကိုကျတာ ညဘက်ပါ၊ အမျိုးသမီး၂ ယောက်သေဆုံးပြီး အမျိုးသား၂ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ နွား ၆ ကောင်လည်း သေဆုံးခဲ့တယ်၊ လူနေအိမ်တွေလည်း မနည်းပျက်စီးခဲ့တာ တွေ့ရတယ်၊ သေဆုံးသွားတဲ့ အမျိုးသမီး၂ ယောက်က အသက် ၄၀ ဝန်းကျင်အရွယ် မစိန်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် မငြိမ်းငြိမ်းတို့ပါ ၊ ဒဏ်ရရှိခဲ့တဲ့အမျိုးသား၂ ယောက်ကို ဆေးရုံကိုတင်ပို့ထားရတယ်။”လို့ ဒေသခံ ရပ်မိရပ်ဖ တဦးကပြောပါတယ်။

လက်နက်ကြီးကျပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က”ရွာမှာတိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး ၊ လက်နက်ကြီးက ဘယ်လိုကျတာလည်း မပြောတတ် သလောက်ပါပဲ ၊ အမျိုးသမီး ၂ယောက်သေတာလည်း ဟုတ်တယ် ၊ လက်နက်ကြီးကျတဲ့နေရာတင် သေဆုံးသွားတာ၊ အမျိုးသား ၁ ယောက်က ဘယ်ဘက် လက်ပြတ်တယ်၊ ၁ ယောက်က ဦးခေါင်းထိမှန်သွားတာ”လို့ ပြောပါတယ်။

အခု လက်နက်ကြီးကျပေါက်ကွဲခဲ့တဲ့ ကျေးရွာမှာ လူနေ အိမ်ခြေ ၅၀၀ ခန့်ရှိတယ်လို့သိရပြီး အလားတူ ဖြစ်ရပ်မျိုးတွေထပ်ဖြစ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ရွာထဲကိုလက်နက်ကြီးကျရောက် ပေါက်ကွဲလို့ လူ ၂ ယောက်အထိသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW