ဖားကန့်မှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင် မြေစာပုံပြိုကျလို့ လူ ၂ ဦးသေ ၊ ၃ ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်၊ လုံးခင် ကျေးရွာအုပ်စု၊ ကုဋေကျေးရွာနားမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္မဏီလုပ်ကွက်ဟောင်းက မြေစာပုံဟာ မနေ့ ဖေဖော်ဝါရီ ၁၂ရက် ည ၁၀ ဝန်းကျင်က ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေတဲ့ လုပ်သား ၂ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အဲဗားဝင်းနား ကျောက်မျက်တူးဖော်ရေးကုမ္မဏီလုပ်ကွက်ဟောင်းနားက မြေစာပုံပြိုကျတာဖြစ်တယ် ၊ မနေ့ကည ၁၁ နာရီဝန်းကျင်ကဖြစ်တာပါ ၊ ရေမဆေးကျောက်ရှာတဲ့သူတွေအပေါ် မြေစာတွေပိတာဖြစ်တယ် ၊ လတ်တလော ရှာဖွေတွေ့ရှိတာက အမျိုးသား ရုပ်အလောင်း ၂ လောင်းနဲ့ ဒဏ်ရာရသူ ၃ ဦးဖြစ်တယ် ၊ ရှာဖွေကယ်ဆယ်နေရဆဲဖြစ်တယ်”လို့ ကူညီကယ်ဆယ်ပေးနေတဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် မီးသတ်ဦးစီးဌာန ၊ ရှာဖွေကယ်ဆယ်ရေး တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ” ပြိုကျတဲ့ မြေစာပုံက အမြင့်ပေ ၃ ရာကျော်တယ် ၊ မြေစာတွေလျောကျလာတဲ့အခါ အောက်မှာ ရေမဆေးကျောက်ရှာနေသူတွေအပေါ် ပိတာဖြစ်တယ် ၊ သေဆုံးသူ ၂ ယောက်ကိုတော့ ရှာဖွေတွေ့ရှိတယ် ၊ ဒီအရေအတွက် ပိုများလာနိုင်တယ် “လို့ ပြောပါတယ်။

မြေစာပိလို့ ဒဏ်ရာရ လူနာ ၃ ဦးကိုလည်း လူမှုကူညီရေးအဖွဲ့တွေက မနေ့က ညတွင်းချင်း ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ နှစ်စဥ် မြေစာပုံပြိုကျတာ ၊ နွံကန်ပေါက်ကျတာ ၊ လုပ်ကွက်ဟောင်း အင်းထဲပြုတ်ကျတာကြောင့် လူသေဆုံးရတာ ရာဂဏန်းနီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #မြေစာပုံပြိုကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW