ဖေဖော်ဝါရီ ၁၁ – ၂၀၂၃
GG(VOM)
ဘုန်းကြီး ၊သီလရှင်တွေ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ကခုန်တာ၊သီချင်းဆိုတာတွေ လုပ်ရင် လူဝတ်လဲပြီး အရေးယူသွားမှာဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယက (မဟန)အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။
သီလရှင် ၊ဘုန်းကြီးတွေအနေနဲ့ သီချင်းဆိုတာတွေ ကခုန်တာတွေမလုပ်ဖို့ သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်၊ ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီအသိပေးထားတယ်လို့သိရပါတယ်။
” အခုနောက်ပိုင်း ဖေ့ဘုတ်စ်တွေ ၊ Tik Tok မှာ သီချင်းဆိုပြီး ကတဲ့ဗီဒီယိုတွေ၊ကနေတာတွေတင်တာ များလာတယ်။အဲ့ဒါတွေက လူပြောများလာပြီး ကဲ့ရဲ့စရာဖြစ်လာတယ်၊ဒါကြောင့် မဟန ဆရာတော်ကြီးတွေက အခုလိုသတိပေးလိုက်တာ”လို့ ကျောင်းထိုင်ဆရာတော်တပါးကမိန့်ပါတယ်။
ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲရဲ့ပဉ္စမအကြိမ် ဧကာဒသမအစည်းအဝေးမှာ ဆရာတော်ကြီးတွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အကယ်၍ သတိပေးတားမြစ်ချက်ကို မလိုက်နာပါက ရဟန်း၊ သံဃာတွေ၊ သီလရှင်တွေကို လူဝတ်လဲပြီး သံဃနာယကလုပ်ထုံးတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ Tik Tok နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဘုန်းကြီးတွေ ၊သီလရှင်တွေဟာ သီချင်းနောက်ခံနဲ့ သရုပ်ဆောင်တဲ့ ရုပ်သံဗီဒီယိုတွေတင်မှုများလာတာကို တွေ့ရပါတယ်။
#voiceofmyanmar #VOM #ဘုန်းကြီး၊သီလရှင် #မဟန #သီချင်းဆိုကခုန် #လူဝတ်လဲအရေးယူမယ်