ပြည်တွင်းမှာ အရောင်းအဝယ် အေးနေတဲ့ မြန်မာ့ရွှေ ဂျပန်ကို ပြန်တင်ပို့မယ်လို့ သိရ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃
GG(VOM)

ပြည်တွင်းထွက် ရွှေ၊လက်ဝတ်ရတနာတွေကို ဂျပန်နိုင်ငံကို ​ပြန်လည်တင်ပို့ဖို့အတွက် ဂျပန်ဘက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေလုပ်နေပြီလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းYGEA ကနေ သိရပါတယ်။

ဂျပန် အပါအဝင်ပြည်ပနိုင်ငံအချို့ကို ရွှေတင်ပို့ခြင်းကို ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ရပ်နားခဲ့ရာကနေ လက်ရှိမှာ ပြန်လည်တင်ပို့ဖို့လုပ်ဆောင်နေတာဖြစ်ပြီး ဒီနှစ် ၂၀၂၃ခုနှစ်ထဲမှာပဲ ရွှေတင်ပို့မှုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကိုဗစ်မတိုင်ခင်က ရပ်နားခဲ့ရတယ်၊ အခုပြန်ပို့ဖို့လုပ်တာ၊ ဒီနေ့ ဂျပန်ဘက်ကလူတွေနဲ့ဆွေးနွေးတယ်၊စျေးနူန်းတွေ၊အခွန်တွေ၊ကုန်သွယ်မှုတွေပေါ့။၃ ကြိမ်လောက်ဆွေးနွေးမှုလုပ်ရမယ်၊အဲ့ဒါတွေပြီးရင် ရွှေတင်ပို့မှုလုပ်နိုင်ပြီ၊ အခုနှစ်ထဲပို့နိုင်မှာပါ။အရင်ကဂျပန်နဲ့ကိုရီးယားက အများဆုံးတင်ပို့ရတာပါ။”လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောပါတယ်။

ဂျပန်ကို ရွှေနဲ့လက်ဝတ်ရတနာတွေ တင်ပို့နိုင်ဖို့ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရန်ကုန်ကYGEA အသင်းရုံးမှာ ဂျပန်ဘက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်ပကို ရွှေတင်ပို့တဲ့အခါမှာ ရွှေတုံး အကြမ်းထည်တင်ပို့မှုက နည်းပြီး အချောထည်တွေဖြစ်တဲ့ လက်ဝတ်ရတနာတွေကိုသာ အများဆုံးတင်ပို့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ YGEA ကထုတ်ပြန်တဲ့ ရွှေစျေး ရည်ညွှန်စျေးကတော့ အခေါက်ရွှေတကျပ်သားကို ၂၁၇၀၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပရွှေစျေးကွက်မှာတော့ အခေါက်ရွှေတကျပ်သားကို ၂၈ သိန်းအထက်မှာရှိနေတယ်လို့သိရပါတယ်။

ပြည်ပကိုသာရွှေတင်ပို့မယ်ဆိုရင် ရွှေတူးဖော်ရေးလုပ်သားတွေ၊ပန်းတိမ်လုပ်သားတွေအကုန်လုံးလည်း အလုပ်အကိုင်တွေပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပြည်တွင်း ရွှေစျေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ရောင်းသူသာရှိကာ ဝယ်ယူသူ နည်းပါးနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပြည်တွင်းရွှေ #ဂျပန်ကိုပြန်တင်ပို့မ

Related posts

Leave a Comment

VOM News

FREE
VIEW