ကိုရီးယားသွားမယ့် EPS လုပ်သားတွေ ပတ်စ်ပို့ရရှိရေး မြောက်ဒဂုံ ပင်လုံခန်းမရှေ့မှာ အသနားခံတင်ပြ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃
SN (VOM)

ကိုရီးယားသွားမယ့် EPS လုပ်သားတွေအနေနဲ့ ပတ်စ်ပို့စာအုပ် ရရှိရေးအတွက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်း)မှာ သွားရောက်စုဝေးပြီး အသနားခံ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပတ်စ်ပို့ရုံးတွေ ပြန်မဖွင့်သေးတဲ့အတွက် ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့ သွားရောက်မယ့် EPS လုပ်သား အများအပြားဟာ လက်ရှိအချိန်အထိ အခက်တွေ့နေရတာဖြစ်ပြီး ဒီကနေ့မှာတော့ EPS လုပ်သား ၁၀၀ ဝန်းကျင်ခန့်ဟာ ပတ်စ်ပို့ရရှိရေးအတွက် ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်းမှာ သွားရောက်စုဝေး တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ထီပေါက်ပြီး ထီလက်မှတ်ပျောက် ဆိုသလို ပတ်စ်ပို့က သက်တမ်းတိုးထားတာ၊ ရုံးတွေကပိတ်လို့ ထုတ်မပေးသေးဘူး။ အလုပ်ဖောင်က တင်ရတော့မယ်။ တကယ်ဦးနှောက်ခြောက်ပါတယ်။ ကျေးဇူးပြုပြီး အမြန်ဆုံး ပြန်ဖွင့်ပေးကြပါလို့ တာဝန်ရှိသူတွေကို တောင်းဆိုတာပါ။ ဒါပေမယ့် ဒီနေ့ သွားရောက် တောင်းဆိုမှုမှာ လူကြီးတွေနဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး“လို့ EPS လုပ်သားတဦးက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့သွားရောက်လိုတဲ့ အလုပ်သမားတွေဟာ စာမေးပွဲဖြေဆိုခအနေနဲ့ အစိုးရကို အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာ ပေးသွင်း ဖြေဆိုခဲ့ရပြီး သွားရရင်လည်း အစိုးရကို အာမခံကြေး ၁၅ သိန်း ပေးသွင်းခဲ့ရမှာဖြစ်တယ်လို့ EPS စာမေးပွဲအောင်မြင်ပြီးသူ အလုပ်သမားတွေက ပြောပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ EPS စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြတဲ့ အလုပ်သမားတွေဟာ ပတ်စ်ပို့ရရှိဖို့နဲ့ သက်တမ်းတိုးဖို့ လိုအပ်နေပေမယ့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ရက်အကန့်သတ်မရှိ လုပ်ငန်း ရပ်ဆိုင်းထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

“အလုပ်ဖောင်လည်းတင်ပြီးသား၊ စလစ်လည်းရပြီးသား။ စာအုပ်ထုတ်မရလို့ ဒုက္ခရောက်နေတာပါ။ တချို့ကျတော့လည်း သက်တမ်းတိုးမရတာ၊ PV ပတ်စ်ပို့ကနေ PJ ကို ပြောင်းမရတာ‌တွေ ရှိတယ်။ စာမေးပွဲအောင်ဖို့အတွက် အချိန်တွေအများကြီး အကုန်ခံလာပြီးမှ ပတ်စ်ပို့ရုံး ပိတ်ထားတဲ့အတွက် ဘာမှလုပ်မရဘူးဖြစ်နေတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒါကို ဝိုင်းဝန်းဖြေရှင်းပေးပါလို့ တောင်းဆိုချင်ပါတယ်“လို့ EPS စာမေးပွဲအောင်မြင်ပြီးသူ အလုပ်သမားတဦးက ပြောပါတယ်။

EPS အလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့ အခက်အခဲနဲ့ပတ်သက်လို့ နေပြည်တော် ပြည်ထဲရေး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို အသနားခံကာ မေတ္တာရပ်ခံစာပေးပို့ထားပြီး ပြည်ထဲရေးဘက်က အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ နိုင်ငံကူးလက်မှတ် အဆင်မပြေဖြစ်နေတဲ့ အလုပ်သမားတွေရဲ့စာရင်းကို Excel (PyiDaungSu Font) နဲ့ ပေးပို့လာပါက ဖြေရှင်းပေးမယ်လို့ အကြောင်းပြန်လာတာကြောင့် POEA အနေနဲ့ ပြည်ထဲရေးဌာနနဲ့ လိုအပ်သလို ချိတ်ဆက်ပြီး ကူညီဖြေရှင်းပေးဖို့ အခုလို တောင်းဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် POEA အနေနဲ့ အခုကာလမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတဲ့အတွက် ကိုရီးယား EPS စာမေးပွဲ (ကုန်ထုတ်လုပ်ငန်း-ပထမအသုတ်) ဖြေဆိုအောင်မြင်ပြီးသူများ အလုပ်လျှောက်လွှာ ထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ် သက်တမ်းလက်ကျန်ကို ဖြေလျော့ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အရင်က အလုပ်လျှောက်လွှာ ထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်ရဲ့လက်ကျန်သက်တမ်းက အနည်းဆုံး (၁)နှစ်ရှိရမယ်လို့ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီသတ်မှတ်ချက်ကို ပယ်ဖျက်ပေးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြောက်ဒဂုံ #ကိုရီးယားသွားမယ့်EPSလုပ်သား #ပတ်စ်ပို့ရရှိရေး #ပင်လုံခန်းမရှေ့အသနားခံတင်ပြ

Related posts

Leave a Comment

VOM News

FREE
VIEW