အတက်ကြမ်းနေတဲ့ ဆန်ဈေး

ဖေဖော်ဝါရီ ၂၀ – ၂၀၂၃

SN (VOM)

ပြည်တွင်းမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းတွေ ဆက်တိုက် မြင့်တက်လာတာနဲ့အပြိုင် ဆန်စျေးနှုန်းတွေကလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ်အရင်က ဆန်ကြမ်းတပြည်ကို ငွေကျပ် ၇၅၀ မှ ၈၀၀ အထိနဲ့ ၂၄ ပြည် တအိတ်ကို ငွေကျပ် ၁၉၂၀၀ မှ ၂၁၆၀၀ အထိသာရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဆန်ဈေးတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့ရာမှာ သက်တမ်း ၂ နှစ်ကျော်ကြာရှိလာတဲ့ အခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာတော့ ဆန်ကြမ်းတပြည်ကို ကျပ် ၂၇၀၀ နဲ့ တအိတ်ကိုကျပ် ၆၅၅၀၀ အထိ ရှိလာတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း ဆန်တပြည်စျေးနှုန်း တထောင်ကျပ်ခန့် မြင့်တက်လာတဲ့အတွက် လက်လုပ်လက်စား အခြေခံအလုပ်သမားတွေအတွက်  အခက်အခဲများစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဆန်ဈေး အရမ်းတက်လာလို့ အစစအရာရာ အရင်ထက်ပိုစိစစ်ပြီး သုံးနေရတယ်။ ဟင်းတွေမှာ ချွေတာလိုက်ရတာမျိုးပေါ့။ အခုက ဆန်ချောမပြောနဲ့ ဆန်ကြမ်းဈေးတောင် ခေါင်ခိုက်နေတာ။ ကျွန်မတို့လို လက်လုပ်လက်စားတွေအတွက် အခက်အခဲဆုံး ကာလတွေပါပဲ။ အလုပ်အကိုင်ကလည်း မကောင်းတော့ ထမင်းနပ်မှန်အောင်တောင် မနည်းရုန်းကန်နေရတယ်“ လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတွေမှာဆန်ကြမ်း ဝယ်ယူ စားသောက်နိုင်ရေးအတွက်ကိုပင် အခက်အခဲတွေ ဖြစ်ပေါ်နေရတာကြောင့် လက်ရှိမှာ အခြားအသုံးစရိတ်တွေကို လျှော့ချပြီး ဆန်ဝယ်ယူနိုင်ဖို့အတွက်ကိုသာ အဓိကထား ကြိုးစားနေရတယ်လို့ သူမက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားရတဲ့ ဧရာဝတီတိုင်းလို နေရာမျိုးမှာတောင် အခု ဖေဖော်ဝါရီလအတွင်း ဆန်ကြမ်းဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခု တလအတွင်း ဆန်အကြမ်း (ဆင်းသုခ)ဈေးနှုန်းဟာ ကျပ် ၁၅၀၀၀ နှုန်း မြင့်တက်လာတာကြောင့် အခြေခံလူတန်းစားအများစုအနေနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာနေကြပါတယ်။

အရင် ဆန်စပါးအသစ် စပေါ်ကာစက ဧရာဝတီတိုင်းမှာ ဆင်းသုခ ဆန်ဈေးဟာ ကျပ် ၄၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က စလို့ ဈေးနှုန်း မြင့်တက်လာခဲ့ရာမှာ လက်ရှိမှာ ဆင်းသုခ ဆန်ဈေး (အသစ်) ၆၀,၀၀၀ ကျပ်၊ ဆန်အဟောင်းမှာတော့ ၆၅,၀၀၀ ကျပ်အထိ‌ ဈေးမြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆန်ဈေးက နောက်ဆို ပိုပြီးတက်မယ်လို့ ပြောနေကြတယ်။ အခုက တနေ့ဝင်ငွေ ၅၀၀၀ ရအောင်တောင်မနည်းရှာနေရတယ်အချိန်။ အလုပ်အကိုင် မကောင်းရတဲ့ကြားထဲ ဆန်ဈေးက အဲ့ဒီလောက်အထိ တက်နေတော့ ရှေ့ကို ဘယ်လို ဆက်သွားရမလဲ စဉ်းစားနေရတယ်“ လို့ ကျုံပျော်မြို့နယ်မှ ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း ဒေသတွင်း ဆန်ဈေးနှုန်းတွေဟာ တဟုန်ထိုး စံချိန်တင် မြင့်တက်နေတယ်လို့ ဒေသခံ ဆန်စပါးရောင်းဝယ်သူတွေနဲ့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျပ် ငါးသောင်းဝန်းကျင်သာ ရှိခဲ့တဲ့ ပေါ်ဆန်းမွှေး တအိတ်ဈေးဟာ အခု ဖေဖော်ဝါရီလထဲမှာတော့ ကျပ် ရှစ်သောင်းကျော်အထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်မှာ မုန်တိုင်းဝင်ခဲ့တာကြောင့်လည်း စပါးခင်း ဧကပေါင်း တသိန်းကျော် ပျက်စီးခဲ့ရပြီး စပါးအထွက်နှုန်းလည်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ 

အရင်နှစ်က ရခိုင်တပြည်နယ်လုံးရဲ့ စပါးအထွက်နှုန်းဟာ တင်းသန်းပေါင်း ၆၀ ကျော်ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ တင်းသန်းပေါင်း ၄၀ ဝန်းကျင်လောက်သာ အထွက်နှုန်း ရှိနိုင်တယ်လို့ ဒေသခံတောင်သူလယ်သမား အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

အဲ့ဒီ့လိုပဲ မြစ်ကြီးနားမြို့မှာလည်း အမျိုးအစားပေါ်မူတည်ပြီး ဆန်ဈေးနှုန်း မြင့်တက်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမှာ မန္တလေးတိုင်းနဲ့ မြန်မာနိုင်ငံအောက်ပိုင်းအချို့က ဆန်ကုန်သည်တွေ လာရောက်ဝယ်ယူကြတဲ့အတွက် ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပြီး ဆန်အမျိုးအစားပေါ်မူတည်ကာ အနည်းဆုံး တသောင်းကျပ်ကနေ အများဆုံး သုံးသောင်းကျပ်အထိ ဈေးနှုန်းမြင့်တက်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ရှိ ဆန်ကုန်သည်တွေက ပြောပါတယ်။

မြန်မာပြည်အောက်ပိုင်းမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် တောင်သူတွေလက်ထဲ ဆန်လုံလောက်မှု မရှိတဲ့အတွက် ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တို့မှ ဆန်များကို လာရောက် ဝယ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။

အရင်နှစ်က ဆန်တအိတ်ကို ငွေတိုးနဲ့ ချင်းသုံး ကျပ် သုံးသောင်းကျော်ခန့်၊ ပေါ်ဆန်းမွှေး ကျပ် ငါးသောင်းကျော်ခန့်၊ လုံးသွယ် ကျပ် လေးသောင်းခန့်၊ လုံးသွယ်ဟောင်း ကျပ် ငါးသောင်းခန့် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ငွေတိုးနဲ့ ချင်းသုံး ကျပ် ငါးသောင်းခွဲခန့်၊ ပေါ်ဆန်းမွှေး (ရှယ်) ကျပ် တသိန်းခန့်၊ လုံးသွယ်မွှေး ကျပ် ခုနစ်သောင်းခန့် ဈေးအသီးသီး မြင့်တက်လာတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။

လက်ရှိမှာ မန္တလေးမြို့ရှိ ဆန်ကုန်သည်အများစုဟာ ကချင်ပြည်နယ်က နမ်းမား၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းမြို့တွေဆီ လာရောက်ပြီး ဆန်တွေ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ မြို့တွေက ဆန်ကုန်သည်တွေကလည်း ငွေလက်ငင်း ပေးနိုင်သူများကိုသာ ဆန်များ ရောင်းချနေတဲ့အတွက် လက်ရှိမှာ အလုအယက် ဝယ်ယူနေရတယ်လို့ သိရပါတယ်။

“အခု ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ဆန်ဈေးက ဘဝမှာ မကြုံဖူးတဲ့ဈေးနဲ့ ကြုံနေရတာပါ။ ဒေသတွင်း အခြေခံ လူတန်းစားတွေအတွက် ပြင်းထန်တဲ့ ထိခိုက်မှုတခုပါပဲ“ လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို စပါးဈေးတွေ မြင့်တက်လာတာဟာ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ သယ်ယူပို့ဆောင်စရိတ် စတဲ့ သွင်းအားစု စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“စိုက်ပျိုးစရိတ်တွေက အဆမတန်ကို ကုန်ကျမှုတွေ ရှိလာတာပါ။ ဒါ့ကြောင့် အခုနှစ် ဆောင်းသီနှံ စိုက်ပျိုးတဲ့ရာသီမှာ လယ် ၁၀ ဧကရှိတဲ့ တောင်သူ တယောက်ဆိုရင် ၄ ဧကအထိပဲ စိုက်ပျိုးနိုင်ပြီး ၁ ဧက ရှိတဲ့တောင်သူ တယောက်ဆိုရင်တော့ ဧကဝက်ပဲ စိုက်ပျိုးနိုင်ကြတော့တယ်“လို့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က တောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် တောင်သူတွေရဲ့ ထွက်ရှိ စပါး ၆၅ ရာခိုင်နှုန်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွက်းက အတင်းအကျပ် ဖိအားပေး ဈေးနှိမ်ဝယ်ယူထားတာတွေ ရှိနေပြီး ပြန်ထုတ်ရောင်းမပေးဘဲ သိုလှောင်ထားတာကြောင့်လည်း စပါးဈေးနှုန်းတွေ မြင့်တက်လာရခြင်းဖြစ်တယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ကျန် ၃၅ ရာခိုင်နှုန်းကိုတော့ ကာလပေါက်ဈေးနဲ့ စိတ်ကြိုက် ကုန်သည်ထံ ရောင်းနိုင်တယ်လို့ သတ်မှတ်လိုက်တဲ့အတွက် စပါးဈေး ကောင်းပေမယ့် တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုတွေလည်း ဆက်တိုက် ရှိနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့က ဆန်တင်ပို့သူ ကုန်သည်ကြီးတွေဟာ ဧရာ၀တီတိုင်းက စပါးတွေကို စပါးပေါ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး အလုံးအရင်းနဲ့ ဝယ်ယူနေကြပါတယ်။ အဲ့ဒီလို ဝယ်ယူနေတာကြောင့်လည်း စပါးစျေးတွေ မြင့်တက်လာကာ စျေးကောင်းရခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဝယ်လိုအားများတဲ့ ဆန်စျေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပဲ ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းဈေးတွေဟာလည်း ရက်ပိုင်းအတွင်း အနည်းငယ်မြင့်တက်လာနေပြီး စပါးဈေးမှာလည်း တင်း ၁၀၀ ကို ငွေကျပ် ၂၀၀၀၀ ကနေ ၅၀၀၀၀ ဝန်းကျင် ဈေးတက်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာ့ဆန်ကို G to G နဲ့ နှစ်စဉ် ဝယ်ယူဖို့ စာချုပ် ချုပ်ဆိုထားပြီး အဲ့ဒီ့ စာချုပ်အရ အခုနှစ် ဇန်နဝါရီ ၉ ရက်ထိ ဆန်တန်ချိန် ၁၇၄၀၀၀ ကျော် တင်ပို့ပြီးဖြစ်ကာ ဆန်တန်ချိန် ၂၅၀၀၀ ကိုလည်း သင်္ဘောတင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ဆန်စပါးထွက်ရှိရာ နေရာတွေမှာ ဒေသခံတွေရဲ့ စပါးကျီတွေနဲ့ လယ်ယာ‌မြေတွေ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့်လည်း စပါးအထွက်နှုန်းတွေ လျော့ကျပြီး ဆန်စပါးရှားပါးကာ ဈေးတွေ မြင့်တက်လာခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကရင်နီပြည်နယ် အစရှိတဲ့ ဒေသတွေအပြင် စပါးစိုက်ပျိုးရာ နေရာအများအပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေမအေးချမ်းမှုတွေကြောင့် ဆန်စပါး စိုက်ပျိုးနိုင်ခြင်းလည်း မရှိပါဘူး။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသများက လယ်သမားတွေအဖို့မှာလည်း ငွေကြေးတန်ဖိုးကျဆင်းမှု၊ ‌နိုင်ငံခြားငွေကြေး ပြောင်းလဲမှုတွေကြောင့် မြေဩဇာဈေး အဆမတန် ထိုးတက်သွားပြီး စရိတ်ထောင်းခဲ့တဲ့အတွက် စိုက်ဧကတွေကို သုံးပုံတပုံကနေ ထက်ဝက်ခန့်အထိ လျှော့ချစိုက်ပျိုးနေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့် ပြည်တွင်းဆန်ဈေးဟာ လာမယ့် မိုးရာသီအထိ အတက်ဘက်တွင်သာရှိနေနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပြီး အခြေခံလူတန်းစားတွေအတွက်ကတော့ အလုပ်အကိုင်ရှားပါးမှုနဲ့ ဝင်ငွေနည်းပါးမှုတွေကြားမှာ မိသားစုထမင်းဝိုင်း နပ်မှန်ဖို့အရေး ကြိုးစားရုန်းကန်နေကြရဦးမှာပဲ ဖြစ်ပါတယ်။           

#voiceofmyanmar #VOM #ဆန်စပါးစျေးကွက်ကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW