မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သည် ၁ ဦးဆီက ရွှေချောင်း ၄၀ ကျော် ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၊ ၂၅ ၊ ၂၀၂၃
SP (VOM)

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် ၁ ဦးဆီကနေ ရွှေချောင်း ၄၀ ကျော်ကို မိုးရေးမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အမှတ် ၅ အာသံ ရိုင်ဖယ် တပ် (AR ) က ၊ Lhunkhopao မှာ ဖမ်းဆီးလိုက်တာဖြစ်တယ် ၊ အဖမ်းခံရတဲ့ အိန္ဒိယ နယ်စပ်ကုန်သည်က ၊ Haizang ရွာမှာနေထိုင်တဲ့ ဦးလွန်ခိုပေါင် ဆိုသူဆီကဖြစ်တယ် ၊ ရွှေအလေးချိန် တချောင်းကို ၁၀ ကျပ်သားဝန်းကျင်ရှိတဲ့ ရွှေအပိုင်း (အချောင်းရေ) ၄၀ ကျော် ၊ မြန်မာအလေးချိန် ၄ ပိသာကျော် ၊ ၅ ပိသာဝန်းကျင် အဖမ်းခံရတာ”လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက VOM ကို ပြောပါတယ်။

အဲ့ဒီ အာသံ ရိုင်ဖယ်တပ် AR က ၊ ဖမ်းဆီးရမိတဲ့ ရွှေချောင်းတွေနဲ့အတူ ဖမ်းမိတဲ့ ကုန်သည် ဦးလွန်ခိုပေါင် ဆိုသူကို မိုးရေး ကာစတန်ရုံးကို လွဲပြောင်းပေးအပ်ခဲ့ပြီး မိုးရေး ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူနေတယ်လို့ သိရပါတယ်။

မိုးရေးမြို့ခံ နယ်စပ်ကုန်သည်တဦးက ” မိုးရေးမှာ ဖမ်းမိတဲ့ ရွှေချောင်းတွေဟာ မြန်မာဘက်က တင်သွင်းလာတဲ့ ရွှေသတ္တုတွေ ဖြစ်နိုင်တယ် ၊ ၂ နိုင်ငံ ကုန်သွယ်ရေးမှာ ရွှေသတ္တုတွေ ခွင့်ပြုမထားဘူး” လို့ ပြောပါတယ်။

မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ ပို့ကုန်အဖြစ် ကောက်ပဲသီးနှံ နဲ့ စားသောက်ကုန်တွေ ခွင့်ပြုထားပြီး သွင်းကုန်အနေနဲ့ စက်မှုကုန်ကြမ်းတွေ ခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မဏိပူရ် #မြန်မာကုန်သည် #ရွှေချောင်းတွေနဲ့ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW