လမ်းပြောင်းပြန်မောင်းလာတဲ့ကားက ဆိုင်ကယ်ကိုဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစု ၄ ဦးသေဆုံး

ဖေဖော်ဝါရီ ၂၅ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီဝန်းကျင်က လမ်းပြောင်းပြန်မောင်းလာတဲ့ကားက ဆိုင်ကယ်တစီးကို ဝင်တိုက်မိလို့ ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကုသိုလ်တော် (ပါလေရာ)လူမှုကူညီရေးအသင်းက သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ရွှေပေါက္ကံမြို့သစ်ရှိ ပုဂံလမ်းမကြီးပေါ်က မော်ကျွန်းကားမှတ်တိုင်အနီး၊ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ လမ်းပြောင်းပြန်မောင်းလာတဲ့ ကားတို့ တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေတာ။ အသက် ၆ နှစ်အရွယ် ကလေးမလေးကတော့ မေဓါဝီဆေးရုံရောက်ပြီးမှ သေတာ။ တိုက်တဲ့ကားက သူတို့ဆိုင်ကယ်ကိုတိုက်ပြီး လမ်းလေးက ကယ်ရီတွေကိုတိုက်၊ ပြီးတော့ ဓါတ်တိုင်ကိုလည်း ဝင်တိုက်လိုက်သေးတယ်“လို့ ဖြစ်စဉ်မှာ လိုက်ပါကူညီခဲ့သူတဦးက ပြောပါတယ်။

ဖြစ်စဉ်အတွင်း သေဆုံးခဲ့တဲ့ မိသားစုဟာ ရွှေပေါက္ကံမြို့သစ်၊ (၂၂) ရပ်ကွက်အတွင်း နေထိုင်သူတွေဖြစ်ကြပြီး သူတို့ကို တိုက်မိတဲ့ကားက မောင်းပြေးသွားပေမယ့် ဝေဘာဂီနားအရောက်မှာ ဖမ်းမိသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW