ထိုင်းမှာ နိုင်ငံကူးလက်မှတ်စာအုပ်ကြေး ဘတ် ၁၂၅၀ အထိတိုးမြှင့်

ဖေဖော်ဝါရီ ၂၆ – ၂၀၂၃
GG(VOM)

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ခကို ဘတ် ၁၂၅၀ အဖြစ် တိုးမြှင့်ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီနေ့ဖေဖော်ဝါရီ၂၆ရက်နေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။

အရင် နိုင်ငံကူးလက်မှတ်ကြေးက ဘတ် ၈၀၀ သာရှိကြောင်း OWIC ကဒ်အတွက် ၂၅ဝ ဘတ်အပါမှ အားလုံး ၁၀၅၀ သာကုန်ကျမှုရှိပြီး ပြောင်းလဲလိုက်တဲ့ တိုးမြှင့်နူန်းထားမှာတော့ စာအုပ်လုပ်ခအပြီးအစီး ဘတ် ၁၅၀၀ ကျသင့်မှာဖြစ်ကာ မတ်လ ၁ရက်နေ့မှာ စတင်မယ်လို့သိရပါတယ်။

ပတ်စ်ပို့စာအုပ်ကြေး တိုးမြှင့်လိုက်တဲ့အပေါ် ထိုင်းရောက်မြန်မာလုပ်သား ကိုမင်းဇေယျာက ” owicကဒ်ဖိုးဆိုပြီး၂၅၀ပိုယူထားပြီး ထလေထိုင်းမှာ ကဒ်သွားထုတ်တော့ ၃၀၀ ထပ်တောင်းတယ်၊ အစကတည်းက ၅၅၀ဆိုပြီး တခါတည်းတောင်းထားရင်လည်း ပြီးတာပဲကို၊ အခုတော့ လိမ်စားသလိုဖြစ်နေတယ်၊နောက်ပြီး ကဒ်သွားထုတ်ဖို့ အဆင်မပြေတဲ့သူတွေက ပွဲစားကို စျေးအမျိုးမျိုးနဲ့ထပ်ပေးနေရပြန်တယ်၊ အခု သူတို့ကတောင် စျေးတက်ပြီဆိုတော့ ပွဲစားတွေက စျေးထပ်တက်အုံးမယ်”လို့ ပြောပါတယ်။

အရင် ပတ်စ်ပို့စာအုပ်ကြေး ဘတ် ၈၀၀ တုန်းက နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ဖို့အတွက် ထိုင်းက ပွဲစားကို ဘတ် ၅၅၀၀ ကနေ ဘတ် ၉၀၀၀ အထိပေးရတယ်လို့သိရပါတယ်။

“အလုပ်သမားတွေဆီကနေ စက်ရုံက စား၊ စကားပြန်က စား၊စာရေးမက စား၊ အဆောင်ရှင်က စား၊ပွဲစားက စား၊ သံရုံးက စား နဲ့ကျနော်တို့အလုပ်သမားဘဝ အနင်းခံပဲ။ကိုယ်တိုင်လာမလုပ်နိုင်တဲ့ အလုပ်သမားတွေ ပွဲစားတွေကို ဘယ်လောက်တောင် ပေးမြိုရတော့မလည်း မသိဘူး”လို့ ထိုင်းရောက်မြန်မာနိုင်ငံသား ကိုထွန်းနိုင်ကပြောပါတယ်။

ဒါကြောင့် မြန်မာသံရုံး အနေနဲ့လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်စိစစ်ပေးဖို့လို့အပ်နေတယ်လို့အလုပ်သမားတွေကပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို Mobile Team လာရောက်ပြီး အချက်အလက်ကောက်ယူထားသူအားလုံးလည်း စာအုပ်ကြေးကို ၁၅၀၀ ဘတ်နှုန်း ပေးသွင်းရမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ပုံစာ – နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့စောင့်ဆိုင်းနေတဲ့မြန်မာနိုင်ငံသားတွေ
#voiceofmyanmar #VOM #ထိုင်း #မြန်မာလုပ်သား #နိုင်ငံကူးလက်မှတ်စျေးနူန်းတိုးမြင့်

Related posts

Leave a Comment

VOM News

FREE
VIEW