နိုင်ငံတကာအဆင့်မီ စံချိန်စံနှုန်း နဲ့ ရွှေဈေးနှုန်းတွက်ချက်ပြီး စျေးတန်းတခုသတ်မှတ်ဖို့ လုပ်နေ

မတ် ၁၈ – ၂၀၂၃
GG (VOM)

ပြည်တွင်း ရွှေစျေးကွက်မှာ အခြေခံရည်ညွှန်စျေးနဲ့ပြင်ပ ပေါက်စျေး အကြားကွာဟမှုရှိနေတဲ့အပေါ် စျေးတန်းတခုတည်းသတ်မှတ်နိုင်ဖို့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်းကော်မတီက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

” အစိုးရကကျတော့ ဒေါ်လာ ၂၁၀၀ နဲ့တွက်တယ်၊ ပြင်ပစျေးကွက်က ပြင်ပဒေါ်လာစျေးနဲ့တွက်တယ် ဒါကြောင့် ရွှေစျေးက မတူညီဘဲ ၂မျိုးဖြစ်နေတာပေါ့။အလေးချိန်ကျတော့လည်း ပြင်ပကပိုသာတယ်။ အဲ့ဒီလိုစျေးတွေက အမျိုးမျိုးမတူညီဖြစ်နေတာကို ထိန်းဖို့ ရွှေစျေးကို တခုတည်းဖြစ်အောင်လုပ်ဖို့ စီစဥ်နေတာပေါ့”လို့ ရွှေလုပ်ငန်းရှင် တဦးကပြောပါတယ်။

ဒါ့ကြောင့် ပြည်တွင်းရွှေဈေးကွက်အတွက် အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီအလေးချိန်စံချိန်စံနှုန်း သတ်မှတ်ရေးအပါအဝင် ရွှေဈေးနှုန်းတွက်ချက်မယ့်နည်းစနစ်နဲ့ ရည်အသွေးဆိုင်ရာသတ်မှတ်ဖို့အတွက် လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

” လုပ်ငန်းရှင်တွေကတော့ စျေးတန်းသတ်မှတ်တာကိုသဘောကျတယ်။ စျေးမငြိမ်တော့ အရောင်းအဝယ်မဖြစ်ဘူးလေ ဒီတော့ စျေးတန်းသတ်မှတ်တာကောင်းပါတယ်။အပြင်မှာ စျေးကစားတဲ့ ဝယ်ရောင်းသမားတွေကတော့ သဘောကျမှာမဟုတ်ဘူး။ ” လို့ နောက်ထပ် ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

လက်ရှိ အမေရိကန်မှာ ဘဏ်တွေပြိုလဲမှုဂယက်ကြောင့် ကမ္ဘာ့ရွှေစျေးတက်လာသလို စတော့ရှယ်ယာစျေးတွေလည်းကျနေတာကြောင့် ပြည်တွင်း ရွှေစျေးက တကျပ်သားကို သိန်း ၃၀နီးပါးအထိမြင့်တက်လာပါတယ်။

ဒီနေ့ YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ အခြေခံရည်ညွန်းစျေးက အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို၂၃၄၃၃၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး (World Gold Price)က
1 Ounce ကို 1989 USD$နဲ့ ပြင်ပရွှေစျေးကွက်မှာတော့ အခေါက်ရွှေတကျပ်သားကို ၂၉၅၀၀၀၀ အထက်မှာရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW