ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကားတွေရာချီပိတ်မိနေပြန်၊ လူနာတင်ယာဥ်တွေပါဖြတ်သန်းမရတော့လို့ လူနာတွေဒုက္ခရောက်နေရ

မတ် ၂၀ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ နာရီကြာမြင့်စွာ ကားတွေရာနဲ့ချီပိတ်မိနေလို့ လူနာတင်ယာဥ်တွေပါ သွားလာမရတော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

လက်ရှိ ဒီနေ့ မတ်လ ၂၀ ရက်နေ့မှာဆိုရင် မော်လမြိုင်ဘက်ကနေ ရန်ကုန်ကိုတက်မယ်ကားတွေက အသွားအပြန်လမ်းနှစ်ဖက် ယာဥ်ကြောအကုန် နေရာယူထားတာကြောင့် ယာဥ်ကြောနှစ်ဖက်လုံး သွားလာလို့မရတော့ဘဲ အကုန်ပိတ်ဆိုနေတယ်လို့ သိရပါတယ်။

အခုလို စောင့်ဆိုင်းနေရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာ ပါရှိတဲ့ လူနာတွေ အသက်အန္တရာယ်အတွက် စိုးရိမ်ရတာတွေရှိသလို အောက်ဆီဂျင်လူနာတွေအတွက်လည်း အောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာနဲ့ ကြုံတွေ့ရတယ်လို့ သိရပါတယ် ။

“ရန်ကုန်အတက်ကားလည်း ပိတ်သလို မော်လမြိုင်အဆင်းကားလည်း မလွယ်ကူပါဘူး။ အရေးပေါ်လူနာတင်ယာဉ်တွေလည်း အရင်ကလို ဦးစားပေးသွားလာလို့ မရတော့ဘူး။ တော်ရုံလူနာဆိုတောင် အဆင်မပြေတဲ့ လမ်းခရီးမို့ ရန်ကုန်ကိုအရေးပေါ်လူနာတွေအတွက် ဒုက္ခပေါ် ဒုက္ခထပ်ဆင့်ကာ သောကအပူမီးနဲ့ ရတက်မအေးရတဲ့လမ်းပိုင်းနေရာဖြစ်ပါတယ်။ မနက် ၈နာရီ ခွဲကတည်းက Xrayကိုရောက်နေတာ ၁၁ နာရီအထိ တဖာလုံလောက်သာ ရွေ့ပြီးစောင့်နေရတယ်”လို့ ပရဟိတသမားတဦးကပြောပါတယ်။

လက်ရှိမှာ မော်လမြိုင်RESCUE အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ အလင်းရှင် လူမှုကယ်ဆယ်ရေးအသင်း၊ အေးမြကြည်လင်လူမှုကယ်ဆယ်ရေး၊ သက်တန့်ရောင်စဉ်(သထုံ)၊ သထုံခရိုင်လူနာတင်ယာဉ်၊ကျိုက်မရောမြို့နယ်အသင်း၊ စေတနာရှင်(သံဖြူဇရပ်) ၊ မုဒုံမြန်မာ့လူငယ်အသင်းကားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ကားတွေရာနဲ့ချီပြန်ပိတ်လာတာဖြစ်ကြောင်း၊ ကားတွေပိတ်ဆို့မှုဖြစ်နေပေမယ့် တာဝန်ရှိသူတွေဘက်က စီမံခန့်ခွဲပေးတာမရှိဘူးလို့ ကားသမားတွေပြောဆိုမှုအရ သိရပါတယ်။

အမှန်တကယ် ကားတစီးစစ်ဆေးချိန်က ၅ မိနစ်လောက်သာကြာကြောင်း ၊ စည်းကမ်းမဲ့ကျော်တက်တဲ့ကားတွေကြောင့် ကားတွေအချိန်ကြာမြင့်စွာပိတ်နေတာဖြစ်တယ်လို့ ကားသမားတွေကပြောပါတယ်။

” ကားလေးက ဘာမှလည်းအဲ့ဒီလောက်မစစ်ဘူး ၊ ဘယ်ကလာလဲ ဘယ်ကိုသွားမလဲ အထုတ်နည်းနည်းပါးပါးကြည့်တယ်၊ကားကြီးနဲ့ကုန်ကားတွေကျ စက်ထဲထည့်ပီးစစ်တာ၊ အရင်ကအဲ့ဒီလောက်မပိတ်ဘူး ၁၅မိနစ်ပဲ၊အခုက ဟိုဘက်ဒီဘက်အကုန်ကျော်ပီး ပိတ်ကြတာ၊ ရန်ကုန်ဘက်ကသွားမဲ့ကားအတွက် လမ်းတလမ်းတောင်မရှိတော့ဘူး၊ ဒီဘက်ကကားလည်း တစီးမှသွားမရ၊ ဟိုဘက်ကလည်း ဘယ်သူမှသွားမရတော့ဘူး၊ ဂိတ်ကပစ်ထားလိုက်ပြီ၊ ဘယ်သူမှ ကားတွေကိုစီမံခန့်ခွဲတာ မလုပ်ပေးတော့ဘူး၊မနေ့ကဆို ညပါအိပ်ရတယ်”လို့ ဒီနေ့ ညောင်ခါးရှည်မှာပိတ်မိနေတဲ့ ကားသမားတဦးကပြောပြပါတယ်။

ဒါ့ကြောင့် မော်လမြိုင်ကနေ ရန်ကုန်တက်မယ့်ကားတွေဟာ ၈ နာရီကနေ ၁၂ နာရီကြာအောင် စောင့်ဆိုင်းရပြီး ရန်ကုန်ကနေ မော်လမြိုင်သွားမယ့်ကားတွေအနေနဲ့လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလို့ နေ့ချင်းပြန်ခရီးစဥ်က ညအိပ်ခရီးစဥ်ဖြစ်နေတယ်လို့ ပြောပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် နှစ်ကုန်ပိုင်းကလည်း ကားတွေရာနဲ့ချီပိတ်မိလို့ ကုန်ကားတွေက ပစ္စည်းတွေပုတ်သိုးပျက်စီးလို့ ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ကာ စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး၊အဓိက ကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်က လက်နက်သယ်ယူမှုတွေ၊ အမည်မသိလက်နက်ကိုင်တွေရဲ့ဝင်ထွက်သွားလာမှုတွေကို တားဆီးစစ်ဆေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝေါ #ညောင်ခါးရှည်စစ်ဆေးရေးဂိတ် #ကားတွေပိတ်နေပြန်

Related posts

Leave a Comment

VOM News

FREE
VIEW