အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့ အလုပ်လက်မဲ့ဖြစ်နေသူ ဘယ်လောက်ရှိလာသလဲ

မတ် ၁၉-၂၀၂၃
SN (VOM)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး (၂)နှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ တစထက်တစ ရှားပါးလာနေပြီး အလုပ်လက်မဲ့နှုန်းဟာလည်း တနှစ်ထက်တနှစ် ပိုမို တိုးတက် များပြားလာနေတာ ဖြစ်ပါတယ်။

ကိုဗစ်(၁၉)ကပ်ရောဂါအပြင် နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့်ဖြစ်လာခဲ့တဲ့ သက်ရောက်မှုတွေက မြန်မာ့စီးပွားရေးမှာ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပြီး အလုပ်လက်မဲ့နှုန်းဟာလည်း ဆိုးရွားတဲ့ အခြေအနေဆီသို့သာ ဦးတည်လျက် ရှိနေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁ ဒသမ ၈၀ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေ မျှဝေကူညီပေးနေတဲ့ Trading Economics အဖွဲ့အစည်းက သုံးသပ်ထားပါတယ်။

အလုပ်လက်မဲ့နှုန်းကို တွက်ချက်ရာမှာ ကလေးသူငယ်တွေနဲ့ အငြိမ်းစားတွေကို ထည့်တွင်း တွက်ချက်ထားခြင်းမရှိဘဲ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေကိုသာ အခြေခံပြီး အလုပ်ရှာဖွေနေတဲ့ အရေအတွက်ကို တွက်ချက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အလုပ်လက်မဲ့နှုန်းကတော့ ဆက်ပြီးတိုးသွားဖို့ပဲရှိတယ်။ လျော့သွားဖို့တော့ မရှိနိုင်သေးဘူး။ (၂)နှစ်ကျော်ကာလအတွင်းမှာ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာတယ်၊ ကုန်ကြမ်းပစ္စည်းဈေးနှုန်း မြင့်တက်လာတယ်၊ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတယ်။ ဒါ့အပြင် လျှပ်စစ်မီးမမှန်တာနဲ့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေတာတွေကြောင့် မြန်မာပြည်သူတွေဟာ စီးပွားရေး ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေကို ဆိုးဆိုးရွားရွားကို ရင်ဆိုင်နေရတာဖြစ်တယ်။ အဲ့ဒီ့ရဲ့ နောက်ဆက်တွဲ ပြဿနာကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာပေါ့။ ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကလည်း နိုင်ငံထဲကထွက်ခွာ၊ တခြားနိုင်ငံတွေဆီ ပြောင်းရွှေ့ကုန်ကြတာကိုး” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

Trading Economics အနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကို ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စာရင်းတွက်ချက် ဖော်ပြရာမှာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေဟာ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း အနည်းဆုံးနှစ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သလို ၂၀၁၉ ခုနှစ်မှာတော့ အလုပ်လက်မဲ့နှုန်း ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံး ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းဖော်ပြချက်တွေမှာ ၂၀၁၃ ခုနှစ်ဟာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းအခြေအနေတွေကြောင့် လုပ်ငန်းအများစု ရပ်နားကြသလို တချို့လုပ်ငန်းတွေမှာလည်း လုပ်ငန်းကို ထက်ဝက်နီးပါး လျှော့ချလာကြပါတယ်။ ဝန်ထမ်းတွေကို လစာနှုန်းထား လျှော့ချတာအပြင် ဝန်ထမ်းဦးရေကိုလည်း လျှော့ချလာတဲ့အတွက်ကြောင့် အလုပ်လက်မဲ့နှုန်း သိသိသာသာ တိုးလာနေပါတယ်။

မြန်မာစီးပွားရေးဟာ ကိုဗစ်ကာလမှာထက် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေ ဖြစ်ပွါးနေတဲ့ကာလမှာ ပိုမို ဆုတ်ယုတ်လာနေပြီး စီးပွားရေးညွှန်ကိန်း အနှုတ်လက္ခဏာ ပြလာတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာမှုနဲ့အတူ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်လာသလို အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာကြောင့် အလုပ်လက်မဲ့နှုန်း အလွန် မြင့်တက်လာတယ်လို့ ပြောပါတယ်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Statista အဖွဲ့ရဲ့ လေ့လာချက်အရ အခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲ့ဒီ့အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှာ သတင်းအရင်းမြစ်ပေါင်း ၂၂၅၀၀ ဆီကနေ သတင်းအချက်အလက်ပေါင်း တစ်သန်းကို အခြေခံပြီး အခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၇ ခုနှစ်က နောက်ဆုံးငါးနှစ်အတွင်း အနည်းဆုံးနှစ်ဖြစ်ခဲ့ပြီး ၄ ဒသမ ၆၂ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၀၇ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ နှစ်အလိုက်ဖော်ပြခဲ့ခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၈၃ ရာခိုင်နှုန်း ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“ဒီခန့်မှန်းချက်တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်လက်မဲ့နှုန်း အခြေအနေတွေကို အဓိက အခြေခံပြီး တွက်ချက် ဖော်ပြခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတဲ့အတွက် အချိန်နဲ့အမျှ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ရှိလာနိုင်ပြီး နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်” လို့ Statista အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ဖော်ပြရာမှာတော့ ၂၀၀၇ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ၃၄ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့ကာ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်က ငွေကြေးဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ခဲ့ပြီး ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ အဲ့ဒီ့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် မြင့်မားတဲ့ လစာနှုန်းထားမျိုး ပေးနိုင်မှုမရှိခြင်းက အလုပ်လက်မဲ့နှုန်း မြင့်တက်မှုတွေကို ဖြစ်ပွားစေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်တွင်းက စီးပွားရေးပညာရှင်တဦးက “အလုပ်လက်မဲ့နှုန်း မြင့်တက်လာတယ် ဆိုတာကလည်း အလုပ်သမားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကောင်းမွန်တဲ့ လစာနှုန်းထားမျိုးနဲ့ အာမခံချက်မျိုး မပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လက်ရှိ ပြည်သူတွေအဖို့မှာက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ဒဏ်ကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ကာလ ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းကလည်း အရင်ထက်ပိုပြီး တိုးလာနေဦးမှာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေး ကျဆင်းလာတာဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု မရှိတော့တာအပြင် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်တွေ မတည်ငြိမ်မှုတွေကြောင့် ရှိနေတဲ့ ရင်းနှီးမြှုပ်မှုလုပ်ငန်းတွေ ပြန်လည်ထွက်ခွာနေတာနဲ့ အဓိက သက်ဆိုင်နေတယ်လို့ သူက ပြောပါတယ်။

တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရတာနဲ့ ရင်းနှီးမြှုပ်နှံဖို့ ချေးငွေ မရတာကြောင့် လုပ်ငန်းတွေ တိုးချဲ့ဖို့ထက် လုပ်ငန်းလည်ပတ်ဖို့ပင် မနည်းကြိုးပမ်း‌နေရတယ်လို့ သိရပါတယ်။

ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ လုပ်ထုံးလုပ်နည်း အပြောင်းအလဲတွေကြောင့် စီးပွားရေးလုပ်ငန်း တွေ ထိခိုက်ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးဖောင်းပွမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် သွင်းကုန် ကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာလည်း အခက်အခဲတွေကြားမှာ ပိုမို ဆိုးရွားလာဖွယ်ရှိနေပြီး ရှေ့ဆက်ရမယ့်လမ်းမှာ ပြည်သူတွေရဲ့အနာဂတ်ကတော့ ဝေဝါးနေဦးမှာပဲ ဖြစ်ပါတယ်။ ။

Photo-JobNet Myanmar
#voiceofmyanmar #VOM #အလုပ်သမားရေးရာကဏ္ဍ #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW