KBCရဲ့ဆမားဇုံနယ် အတွင်းရေးမှူး အဖမ်းခံရပြီး ရက် ၅၀ ခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာ

မတ်၂၁ – ၂၀၂၃
SN (VOM)

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဆမားဇုံနယ် အတွင်းရေးမှူး သိက္ခာတော်ရ သင်းအုပ်ဆရာကြီး ခလမ်ဂွမ်ဖန်လတ်ဟာ အဖမ်းခံရပြီး ရက်ပေါင်း ၅၀ ခန့်အကြာ မနေ့ မတ်၂၀ ရက် ညနေ ၄ နာရီဝန်းကျင်က မြစ်ကြီးနားအကျဥ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဆရာကြီး ခလမ်ဂွမ်ဖန်လတ်ဟာ ကေအိုင်အို ထိန်းချုပ်နယ်မြေက အသင်းသူအသင်းသားအချို့ ပို့ဆောင်ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ဇန်နဝါရီ ၃၀ ရက်နေ့ညက အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေထံ လိုက်လံပို့ဆောင်နေစဥ်မှာ လုံခြုံရေး ပတ်ကင်းအဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“အခု ပြန်ရောက်နေပါပြီ။ ကျန်းကျန်းမာမာပါပဲ။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကနေတဆင့် ဆမာဇုံနယ်ရုံးခွဲကို မနေ့က လာပို့ပေးခဲ့တာပါ”လို့ အမည်မဖော်လိုသူ သင်းအုပ်ဆရာတဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ ဆရာကြီး ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကို သေ‌ချာမသိရပေမယ့် တရားစွဲဆို ခံထားရခြင်းလည်း မရှိဘူးလို့ သူကပြောပါတယ်။

KBC မှာ ဇုံနယ် ၁၉ ခုရှိပြီး ဆရာကြီး ခလမ်ဂွမ်ဖန်လတ် တာဝန်ထမ်းဆောင်နေတဲ့ ဆမားဇုံနယ်ထဲမှာ ဝိုင်းမော်မြို့နယ်နဲ့ ကေအိုင်အေထိန်းချုပ်ဒေသမှ နယ်မြေတချို့ ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ KBC ဥက္ကဋ္ဌဟောင်း Rev.ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာလည်း လက်ရှိမှာ မြစ်ကြီးနားအကျဉ်းထောင်အတွင်း ချုပ်နှောင်ခံနေရဆဲဖြစ်ပြီး ပုဒ်မ ၁၇/၁ အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆိုခြင်း ခံထားရတယ်လို့ သိရပါတယ်။

Photo – KBC
#voiceofmyanmar #VOM #KBC #ဆမားဇုံနယ်အတွင်းရေးမှူးခလမ်ဂွမ်ဖန်လတ် #ပြန်လည်လွတ်မြောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW