ရန်ကုန်-မန္ထလေးအမြန်ရထား(၂)စင်း လမ်းချော်ပြီး တိမ်းမှောက်ခဲ့သလို မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသူတွေရှိခဲ့

မတ် ၂၂ – ၂၀၂၃
GG(VOM)

တောင်ငူခရိုင်ထဲမှာ ရန်ကုန် – မန္တလေး ရထား ၂စင်း လမ်းချော်ပြီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သလို ရထားလမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ မတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်း အုတ်တွင်းမြို့နယ်၊ဇေယျဝတီဘူတာနဲ့ ညောင်ခြေထောက် ဘူတာကြားမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ကာ ရထားပျက်စီးမှုရှိခဲ့သလို ရိုးရိုးတန်းတွဲ-၁ ခုံအမှတ် (၃၃/၃၄) မှာ လိုက်ပါလာတဲ့ ခရီးသည် ၂ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

” အခုမနက်ပြောရမှာပေါ့ ၁ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာ ရထားပေါက်ကွဲမှုဖြစ်တာ။ ရန်ကုန်ဘူတာကြီးကနေ ထွက်လာတဲ့ ရထားပေါ့။ရထားပေါ်မှာ ဒုရဲအုပ် အဖွဲ့လုံခြုံရေးပါတယ်၊ခရီးသည်တွေ ၇၀၀ လောက်ပါတယ်လို့သိရတယ်၊မိုင်းကွဲတော့ ဒဏ်ရာကသူတွေကို ဆေးရုံကိုပို့လိုက်ပြီးရထားက ဆက်သွားတယ် “လို့အုတ်တွင်း ဒေသခံတဦးကပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ ဦးလေးလွင် အသက် ၄၅ နှစ် နဲ့ ဦးဟီရာကျန် အသက်၄၀နှစ်တို့ ဖြစ်ပြီး ဒဏ်ရာ​ကမစိုးရိမ်ရဘူးလို့ သိရပါတယ်။

ရထားလမ်းမိုင်းကွဲမှုမှာ ရထားစက်ခေါင်းမှန်ကွဲပြီး၊ ရထား ပထမတွဲက မှန်ပြူတင်း ၄ ချပ်၊ ဝင်ပေါက်တံခါးမကြီးနဲ့ တံခါးအလူမီနီယံဘောင်တွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ရထားတိမ်းမှောက်မှုကတော့ မနေ မတ်လ ၂၁ ရက် မနက်အစော ၃ နာရီကျော်လောက်မှာ တောင်ငူဘူတာအထွက်မှာ ရထားလမ်းချော်ခဲ့တာဖြစ်ကြောင်း ရထားတိမ်းမှောက်ခဲ့ပေမယ့် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ရထားကတော့ ရန်ကုန် – မန္တလေး အမှတ် ၅ အဆန် လေအိတ် အ​မြန်ရထားဖြစ်တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ရထားကတော့ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် ရထားဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း မော်လမြိုင်ရထားလမ်းမှာ ရထားလမ်းမိုင်းပေါက်ကွဲမှုတွေဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #အမြန်ရထား #မိုင်းကွဲ၊လမ်းချော်မှု

Related posts

Leave a Comment

VOM News

FREE
VIEW