ညောင်ခါးရှည်ဂိတ်မှာ ကားပိတ်လို့ ကားအောက်ဝင်အိပ်သူ ကားတက်နင်းခံရပြီး သေဆုံး

မတ် ၂၆ – ၂၀၂၃
GG (VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းက ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ ကားတန်းစီရင်း ကားအောက်အိပ်နေတဲ့ ယာဥ်နောက်လိုက်တဦး ကားတက်နင်းလို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသားဟာ ၁၂ ဘီးကုန်ကားရဲ့ယာဥ်နောက်လိုက်ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကိုဝေဠုကျော်ဆိုသူဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း၊လက်ပံပြားရွာနေထိုင်သူဖြစ်လို့ ရုပ်အေလာင်းကို နေရပ်ဇာတိကို မနေ့မတ်လ၂၅ ရက်နေ့မှာ ပြန်ပို့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

” တနေ့က ၂၄ ရက် ၂ နာရီလောက်ကြီး ကျနော်တို့ဆီသတင်းရလို့ အလောင်းသွားသယ်တယ်။ဦးနှောက်တွေပါပွင့်နေတယ်။ကားတွေကလည်း တန်းစီနေတာအများကြီးရှိတယ်။အိပ်နေရင်းနဲ့ တက်နင်းမိတာလို့ပဲ ပတ်ဝန်းကျင် ပြောစကားအရ သိရတယ်၊ အခုတော့ သူ့ဇာတိကိုပြန်ပို့လိုက်ပါပြီ “လို့ ကူညီရေးလုပ်ဆောင်ခဲ့တဲ့ ပရဟိတသမားတဦးကပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ကုန်ကားဟာ ရန်ကုန်ကနေ မော်လမြိုင်အဆင်းလမ်းကြောင်းပေါ်က ကားဖြစ်ကြောင်းနဲ့နောက်ထပ်တယောက်လည်း ထိခိုက်ဒဏ်ရာရတာရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

လူသေဆုံးမှုဖြစ်ပွားပြီးနောက် မနေ့ မတ်လ ၂၅ ရက်နေ့ကတည်းက ညောင်ခါးရှည် Xray ဂိတ်မှာ အရင်ကလို ကားတန်းပိတ်ဆိုလို့ အချိနိကြာမြင့်စွာစောင့်ဆိုင်းရတာတွေမရှိတော့ဘူးလို့လည်း သိရပါတယ်။

“နှစ်ဦးပါ ၊ တဦးက ပွဲချင်းပြီးသေတယ်။ နောက်တဦးက ခြေထောက်ထိခိုက်ဒဏ်ရာရပါတယ်၊ကားကတော့ အခု မပိတ်တော့ပါဘူး၊နှစ်ဖက်စလုံး အခုရက်ပိုင်းမှာ အဆင်ပြေသွားပါပြီ၊ခဏတဖြုတ်လောက်ပဲ စောင့်ရပါတယ်”လို့ မော်လမြိုင်ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ဂိတ်တာဝန်ရှိသူတွေက ယာဥ်ကျောပိတ်ဆို့မှုမဖြစ်အောင် စီမံခန့်ခွဲပေးနေတာကြောင့် ကားပိတ်တာတွေမရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ လူသေတုံးမှုမဖြစ်ပွားမီ မတ်လ၂၄ ရက်နေ့မတိုင်ခင်က စည်းကမ်းမဲ့ယာဥ်ကျော်တက်မောင်းနှင်တာတွေကြောင့် ကားတွေရာနဲ့ချီပိတ်မိခဲ့လို့ နာရီကြာမြင့်စွာ ညအိပ်ပြီးစောင့်ဆိုင်းရတာတွေအထိ ရှိခဲ့တာဖြစ်ပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဖွင့်လှစ်ကာ စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး၊အဓိက ကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်က လက်နက်သယ်ယူမှုတွေ၊ အမည်မသိလက်နက်ကိုင်တွေရဲ့ ဝင်ထွက်သွားလာမှုတွေကို တားဆီးစစ်ဆေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်ခါးရှည်ဂိတ် #ကားပိတ် #ကားတက်နင်းလူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW