သူတို့အိမ် အခန်း (၂၀၁)

 

 

ဆူးငှက်

 

 

စံရွေးဆိပ်ကမ်း
———————
စံရွေးဆိပ်ကမ်းမှာ အရင်က အမရပူရဆိပ်ကမ်းဘူတာ အမည်နှင့် ဘူတာရုံလေးရှိသည်။ ဧရာဝတီမြစ်ကမ်းရှိ ဘူတာရုံလေးက အလွန်လှသည်။ သက်တော်ရှည် လက်ပံပင်ကြီးတွေအောက်မှာ အုတ်ကြွပ်မိုးနီ နှင့် အုတ်တိုက်နီ ဘူတာရုံလေးရှိသည်။ ဘူတာလေး၏ ဝန်းကျင်ကလည်း လူနေအိမ်အဆောက်အဦတွေမရှိ၊ လက်ပံပင်ကြီးတွေအောက်က မြေပြင်ကလည်း ကမ်းစပ်ပေမင့် ညီညာ ပြန့်ပျူးသည်။ နွေဦးပေါက်ဆိုလျှင် လက်ပံပွင့် တွေက ပင်လုံးရဲ၊ ပွင့်ကြွေတွေက မြေပြင်မှာထိရဲနှင့် လှနေတတ်သည်။ ဘူတာလေးကိုရှေ့ခပ်လှမ်းလှမ်းက ကြည့်လှင် ဟို နောက်မှာ ချောင်တွေသိန်းသန်း တောင်ခြေစိမ်းလန်းသည့် စစ်ကိုင်းတောင်ရိုးကို လက်ပံပင်ကြီးတွေ၏ ပင်စည်မြင့်ကြီးတွေ ဘောင်ခတ်ထားသည့် ပန်းချီကား တစ်ချပ်လို မြင်ရသည်။

 

 

ထိုမြင်ကွင်း၏ ညာဘက်ခြမ်းမှာက လက်ပံပင်တွေနှင့် အတူ မရန်းပင်တွေ တွေ့ရသည်။ ဘယ်ဘက်ခြမ်းမှာတော့ ကွေးသွားသည့် ရထားလမ်းက ငွေရောင်လက် သံဘောင် သံဂုံးကြီးများနှင့် အင်းဝတံတားကို လှမ်းမြင်နေရ၏။ မြစ်ကြီးနားက ပြန်လာသည့် အစုန်ရထားက ထိုဘူတာလေးရောက်လျှင် ညအိပ် ခုတ်မောင်းလာရလို့ နွမ်းနယ်ပင်ပန်းကာ ခပ်ကြာကြာ နားနေတတ်သည်။ ညနေစောင်းပြီမို့ လက်ပံပင်ကြီးတွေကြားက မြင်ရသည့် စစ်ကိုင်းတောင်ရိုးတစ်ဖက်ဆီ နေလုံးနီနီက ပတ္တမြားဝတ်ရုံကို ခပ်ဖြည်းဖြည်း ဖြန့်သိမ်းရင်း ပုန်းလျှိုးတော့မည်။ ရပ်ထားသော ရထားတွဲပေါ်မှာက နေရောင်က ပျောက်လုနေပါပြီ။ ရထားကပင်ပန်းနေမှတော့ ခရီးသည်တွေဆို ပြောစရာမလိုတော့။ ကျပ်ညပ်ကာ လိုက်ပါကာ လှုပ်ရမ်း ခုန်ပေါက်နေသော လမ်းမှာ ကိုယ်လက်များပင် နာကျဉ် ပင်ပန်းနေကြပြီ။ ဒါတောင် ခရီးသည် အများစုက ရွှေဘိုနှင့် ရွာထောင်မှာ ဆင်းခဲ့ကြလို့ လက်ကျန်ခရီးသည်တွေ ချောင်ချိသက်သာပြီး စံရွေးဘူတာလေး၏ ဆည်းဆာမှာ တိတ်ဆိတ်ငြိမ်သက်စွာ နွမ်းလျနေနိုင်ခဲ့သည်။

 

 

ထိုစဉ် ရထားပေါ်မှာ သင့်ခနဲ မွှေးပျံ့ရနံ့က ရုတ်ခြည်းရောက်လာ၏။ မျက်လုံးမှေးစင်းနေသူတွေက ရနံ့ကြောင့် အပန်းပြေကြသည်။ ခေါင်းထူခေါင်းမတ်လာကြသည်။ စပယ်ပန်း ဇွန်ပန်း မြတ်လေးပန်းသည်လေးလေ။ သူက “ဇွန်ပန်းတွေရမယ်၊ စံပယ်ပန်းတွေရမယ်၊ မြတ်လေးပန်းကုံး တွေရမယ်”ဟု ခပ်အုပ်အုပ် အသံလေးဖြင့် တွဲပေါ် တက်လာသည်။ သူနှင့် အတူ ခပ်လှမ်းလှမ်က ခွာပြီး မရန်းသီးတွေ လတ်လတ်ဆတ်ဆတ် အိမ်ပြန်လက်ဆောင်တွေရမယ် ဟူသော ကလေးအသံလေးနှင့် လတ်ဆတ်ရင့်မှည့် မရန်းသီးလုံးလေးတွေ စီထည့်ထားသော နှီခြင်းလေးတွေ စုကိုင် ထားသည့် ဈေးသည်လေးလည်း တက်လာသည်။ မောင်နှမ ၂ယောက်နေမှာပေါ့။ ကိုအောင်မင်းက ကုန်လွန်ခဲ့သည့် ၁၉၇၀ ဝန်းကျင်က သူကြုံခဲ့ရသည့် ထိုမြင်ကွင်းကို သတိတရ လွမ်းဆွတ်လှလို့ စံရွေးဘူတာလေးဆီ အမှတ်တရ ဓာတ်ပုံရိုက်ချင်တာတဲ့။

 

 

ပြည်တော် စဝင်သည့် နေရာ
—————————–
သည်တော့ ကျွန်တော်ကလည်း ဒုတိယကမ္ဘာစစ်ကြီး အတွင်း စစ်ကိုင်းတောင်ရိုးမှာ ၃နှစ်၃မိုး စစ်ခိုနေကြသည့် မြို့မအသင်းသားတွေ စစ်ကြီးအပြီး ပြန်လာကြတော့ ဇက်ကလပ် ကူးတို့ဆိုက်သည့် သည်စံရွေးဆိပ်မှာ စစ်လက်ကျန် အမိုးဖွင့် လော်ရီကားကြီးကို စက်နှိုးပြီး ကားပေါ်ပြေးတက်ကြကာ အေဝမ်းဆရာညှာ ရေးစပ်သည့် ပြည်တော်ဝင်သီချင်း သံပြိုင်သီဆိုရင်း ပြန်ကြပုံ ပြော၍ ညီအစ်ကို၂ယောက် ပြည်တော်ဝင် သီချင်းကိုပင် သီဆိုဖြစ် ပြောဖြစ်ခဲ့ကြသည်။ တကယ်တမ်း စံရွေးဆိပ်ကမ်းရောက်တော့ ဘူတာရုံလေး မရှိတော့၊ ထိုနေရာ ဂေါတန်ကျောက်ပုံတွေပဲ တွေ့နေရသည်။ ဆိပ်ကမ်းဝန်းကျင်မှာလည်း ကုန်တင်ကုန်ချကားများ ထော်လာဂျီများ ဝင်ချည် ထွက်ချည်နှင့် ပျားပန်းခတ်နေသည်။ စက်သံတဒီးဒီး လုသံဆူညံ ဖုန်တွေ တလုံးလုံး၊ ဈေးဆိုင်တွေလည်း မှိုလိုပေါက်၊ ထူးဆန်းသည့် ဆိုင်းဘုတ်လေးပင် တွေ့မိသေးသည်။ ဘာတဲ့ ဘူဖေးထမင်းတဲ့။ ထို့ကြောင့် ကျွန်တော်တို့လည်း ဓာတ်ပုံပင် မရိုက်ဖြစ်တော့ဘဲ ဗားကရာကျောင်းတိုက်သို့ ခရီးဆက်ကြသည်။ ထိုစဉ် ကားပေါ်မှာပင် စကားစပ်မိပြီး “မင်းလည်း ဒီတိုက်ခန်းငှားနေတာ ၆လလောက်ရှိပြီနော်” ဟု သူက စကားစပ်သည်။

 

ကျွန်တော်က “ဟာ.. ကိုအောင်မင်းကလည်း ၆လ မကဘူးလေ၊ ၈လ ပြည့်လုပြီဗျ၊ နောက်၄လဆိုရင် ငှားထားတာ ပြည့်ပြီ။ ကျွန်တော်လည်း အခု အဲ့ဒီအတွက် ခေါင်းပူနေတာ၊ ဘယ်လိုစီစဉ်ရမလဲဆိုတာ ဦးနှောက်ခြောက် နေတာဗျ” ဟု စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။ ကိုအောင်မင်းက ကားမောင်းရင်း “အခု အခန်းငှားခက တစ်လ ၃သောင်းလား” ဟုမေးတော့ “ဟုတ်တယ်ဗျ၊ တစ်နှစ်စာကို တစ်ခါတည်း မပေးနိုင်လို့ ၆လ တစ်ရစ်စီ ပေးရတာ” ဟု ဖြေလိုက်သည်။ ထိုအခါ ကိုအောင်မင်းက “ကဲပါ၊ ရှေ့တစ်နှစ်စာအတွက် ငါတာဝန်ယူလိုက်ပါ့မယ်၊ ဘာမှ ပူမနေပါနဲ့ကွာ” တဲ့။ တကယ်တော့ ဝမ်းသာစရာကောင်းလှသည့် စကားဖြစ်ပါ၏။ သို့သော် ကျွန်တော် ဝမ်းမသာနိုင်ပါ။ ထို့ကြောင့် ကျွန်တော်က ကိုအောင်မင်း ကို အချိန်မဆိုင်းဘဲ ပြန်လှန် ပြောလိုက်မိတော့သည်။ မတတ်နိုင်။

 

 

ကိုယ်ပိုင်မြေလေး ပေါ်မှာပဲ တဲလေးထိုးပြီး
———————————————
ကျွန်တော်ပြန်ပြောလိုက်တာက “ ဒါဆို လာမယ့် တစ်နှစ်တော့ အဆင်ပြေပြီ ဆိုပါတော့ဗျာ၊ ကျွန်တော့် ဝင်ငွေက ကလေး ၂ယောက်နဲ့ စားဖို့တောင် အနိုင်နိုင်ဆိုတော့ နောက်နှစ်တွေ နောက်နှစ်တွေ ရောက်တိုင်း ပူရပင်ရဦးမှာ၊ တိုက်ခန်းလခ ဆိုတာကလည်း တက်ဖို့ပဲရှိတာဗျ။ ကျွန်တော်တော့ ဖျာတစ်ချပ်စာလေးပဲ ရချင်ရပါစေ၊ ကိုယ်ပိုင်မြေလေး ပေါ်မှာပဲ တဲလေးထိုးပြီး နေချင်တော့တာပဲဗျာ” ဟု ငြီးတွားမိသည်။

 

 

ကိုအောင်မင်းက အခုနေ မြေဈေးတွေကရော ဘယ်လောက်ဖြစ်နေပြီလဲ” ဆိုတော့ မြို့သစ်ဘက် နဲ့ မြို့ထဲဆင်ခြေဖုံးမှာ ရှာမယ်ဖွေမယ်ဆို ၁၀သိန်းလောက်နဲ့ ရနိုင်တယ်ဗျ” ဟု ခပ်လေးလေးပဲ ဖြေလိုက်သည်။ သူက “ ဒီလိုလုပ်ပါ့လား၊ ငါက အိမ်လခ တစ်နှစ်စာ အနေနဲ့ ၃သိန်းပေးမယ်ကွာ၊ ဒို့အစ်ကိုကြီးဆီ မင်းအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းကြည့်ပါလား၊ မင်းဆိုရင် သူက ပစ်ထားမှာ မဟုတ်ဘူး၊ သူ့ဖုန်းနံပတ် မင့်ထဲမှာ ရှိတယ်မို့လား၊ မင်းကိုယ်တိုင် ဖုန်းဆက်ပြောကြည့်လိုက်လေ၊ သူ ကူညီမှာပါကွ” တဲ့။ ကျွန်တော် အားတက်သွားသည်။

 

အစက စိတ်ကူးသာရှိတာ၊ လမ်းစမရှိဘဲ မျှော်လင့်ချက်မဲ့နေလို့ ကိုအောင်မင်း ကို စိတ်ကူးအနေနှင့်ပဲ စိတ်မပါ့တပါ ခပ်လေးလေး ပြောမိခြင်းဖြစ်သည်။ အခု သူက ၃သိန်းထုတ်ပေးပြီး ဒို့အစ်ကိုကြီးကို အကူအညီ တောင်းကြည့်ပါလား” ဟု ဆိုတော့ လက်ခနဲဖြစ်သွားကာ လမ်းစတွေ့သွားတော့သည်။ သူပြောသည့် ဒို့အစ်ကိုကြီး ဆိုတာက ကျွန်တော်တို့ အမျိုးထဲတွင် ထိုစဉ်က ရာထူးရာခံမြင့်ပြီး စိတ်သဘောထားကောင်းသူ ဖြစ်သည်။ သူကလည်း မုံရွာသား ဖြစ်သည်။

Related posts

Leave a Comment

VOM News

FREE
VIEW