မတ် ၊ ၃၀ ၊ ၂၀၂၃
SP (VOM)
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ Jangnoi ကျေးရွာနားမှာ နေထိုင်တဲ့ မြန်မာလူငယ် ၂ ဦးကို မနေ့ မတ် ၂၉ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အိန္ဒိယ အထူးကွန်မန်ဒိုတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မဏိပူရ်ပြည်နယ်မှာရှိတဲ့ ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
” အဖမ်းခံရသူ မြန်မာ ၂ ယောက်က Jangnoi ကျေးရွာမှာနေတာ လအတော်ကြာနေပြီ ၊ အထောက်အထားမဲ့ နေထိုင်တာဖြစ်တယ် ၊ သူတို့ကို ဖမ်းမိစဥ်က ပစ္စတိုသေနတ် ၁ လက် ၊ ကျည်ဆံတွေနဲ့ ပိုက်ဆံတွေ( မြန်မာငွေ)ပါတယ် ၊ အသက်တွေကတော့ ၃၅နှစ် တယောက်နဲ့ ၃၈ နှစ်အရွယ် တယောက်ဖြစ်တယ်”လို့ မိုးရေးမြို့မှာနေထိုင်တဲ့ နယ်စပ်စီးပွားရေးလုပ်ငန်းရှင် ဦးဂျမားက VOM ကို ပြောပါတယ်။
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ အုပ်ချုပ်ရေးမှူးရဲ့အမိန့်အော်ဒါနဲ့ မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်က ကျေးရွာတွေကို အခုနှစ် ၊ နှစ်ဆန်းပိုင်းကစလို့ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်တဲ့ မြန်မာတွေကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။
” အိန္ဒိယ နယ်စပ်ဘက်က ကျေးရွာတွေကို တင်နိုဘယ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့အမိန့်အော်ဒါနဲ့ အော်ပရေးရှင်း ( စစ်ဆင်ရေး)လုပ်နေတာ ဖြစ်တယ် ၊ နယ်စပ်ကျေးရွာအားလုံးကို လူဦးရေးစာရင်းတွေစစ်တယ် ၊ ဗမာပြည်ဘက်က ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာလူမျိုး ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ် ၊ ဟို အရင်က နယ်စပ်ဖြတ်ကျော် ဖမ်းခံရတဲ့သူတွေဆိုရင် ၊ အိန္ဒိယဘက်ကနေ နေ့ချင်းပြီး မြန်မာဘက်ကို ပြန်လည်လွဲပြောင်းပေးတာတွေ ရှိခဲ့ပေမယ့် ၊ အခု အဖမ်းခံရတဲ့သူတွေကို အိန္ဒိယအာဏာပိုင်တွေက ပြန်လည်လွဲပြောင်းတာ မရှိဘဲ ၊ Inphal Jail (အင်ဖာထောင်)မှာ ထောင်သွင်းအကျဥ်းချထားတာဖြစ်တယ် ” လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မိုးရေးမြို့နယ်မှာ နေထိုင်ပြီး အိန္ဒိယ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရတဲ့ မြန်မာ ဒုက္ခသည်တွေနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ မတ် ၂၂ ရက်အထိ အော်ပရေးရှင်း (စစ်ဆင်ရေး)တွေရှိတယ် ၊ အဖမ်းခံရတဲ့ မြန်မာ ၁၀၀ ကျော်ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး ဆက်ပြောတာက ” ဖမ်းဆီးခံရတဲ့သူတွေဟာ မုံရွာမြို့နယ်က ဒေါ်ဇင်မာ (၅၀နှစ်)၊ မကြူကြူ (၂၀နှစ်)၊ မသင်းသင်း (၂၅နှစ်)၊ မစိုးစိုး (၂၀နှစ်)၊ ဒေါ်ခင်ခင် (၂၅နှစ်)၊ မခင်မို့မို့ဇော် (၂၀နှစ်)၊ ဦးဇော်ထက် (၄၅နှစ်)၊ ဦးအောင်ခိုင် (၄၇နှစ်)၊ ကိုနိုင်ဝင်းထွန်း (၂၃နှစ်)၊ နဲ့ ကလေးမြို့ တာဟန်းရပ်ကွက်နေ ဦးလာလ်ထားကိမ်းမာ (၅၂နှစ်) တို့ဖြစ်ပါတယ် ၊ သူတို့က အိန္ဒိယဘက်ကို အလုပ် လုပ်ကိုင်ဖို့ရောက်နေတာကို အခုလို အဖမ်းခံရတာ ဖြစ်နိုင်တယ် ၊ ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ လာရောက်နေထိုင်သူ ၉ ဦးနဲ့ ကလေးမြို့ကနေ လာရောက်နေထိုင်တဲ့ ၁ ဦး စုစုပေါင်း အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဖြစ်ပါတယ် ” လို့ တမူးမြို့မှာနေတဲ့ လူမှုကူညီရေး ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေတဲ့ နယ်စပ်ကုန်သည် ဦးဂျမားဆိုသူက ” ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယ – မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး ပွဲလုပ်တယ် ၊ အဲ့ဒီ ပွဲအပြီး နောက်ပိုင်းမှာ နယ်စပ်ကျေးရွာတွေမှာ ခိုလှုံနေထိုင်တဲ့ မြန်မာ ၁ ရာနီးပါး အဖမ်းခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုဘယ်ခရိုင် ၊ မိုးရေးမြို့နယ် ၊ H. Lhangcham ကျေးရွာနဲ့ New New Salbung ကျေးရွာကြားမှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အစိုးရအဖွဲ့က ဖမ်းဆီးရမိတယ်လို့ မဏိပူရ်ပြည်နယ် ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။
အဲ့ဒီလို ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ မဏိပူရ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ အင်ဖာအကျဥ်းထောင်မှာ ချုပ်နှောင်ထားရှိပြီး ၊ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာ အကျဥ်သား ၁ ဦး ရုတ်တရက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #အိန္ဒိယနယ်စပ် #မြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးခံရ