ပခုက္ကူမြို့က အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆိုသူကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတာ တလပြည့်ပေမယ့် လွတ်မလာသေး

ဧပြီ ၁ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ မြို့ရှောင်လမ်းမှာရှိတဲ့ အနာဂတ်အလင်းရောင် ဖောင်ဒေးရှင်း လူငယ်ဖွံဖြိုးရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပခုက္ကူဒေသတွင်း ယာယီတိုက်ပွဲရှောင်သူတွေကို သွားရောက်ကူညီရာကနေ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံရတယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေး ပရဟိတအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပခုက္ကူမှာ အခြေစိုက်တဲ့ အနာဂတ်အလင်းရောင် လူငယ်ဖွံဖြိုးရေးဖောင်ဒေးရှင်း ပရဟိတအဖွဲ့ကကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရုံးနဲ့ ပူးပေါင်းပြီး မြိုင်မြို့နယ်အ တွင်း တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများဖြန့်ဝေပေးတယ် ၊ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပခုက္ကူမြို့နယ် ၊ အရှေ့ကမ်းဖြူကျေးရွာဘက်ကို ယာယီတိုက်ပွဲရှောင် ပြည်သူတွေဆီ စားနပ်ရိက္ခာ ဖြန့်ဝေ ကူညီပေးဖို့ သွားရင်း အနာဂတ် အလင်းရောင် ပရဟိတအဖွဲ့က အသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်ဆိုသူ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရတာဖြစ်တယ် “လို့ အနာဂတ်အလင်းရောင် ပရဟိတအဖွဲ့နဲ့ နီးစပ်သူတယောက်က VOM ကိုပြောပါတယ်။

အဲ့ဒီနောက် ပခုက္ကူမြို့ခံ လူမှုကူညီရေး ပရဟိတ သမားတယောက်က” အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရဲထွဋ် ဆိုသူဟာ ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က ဖမ်းဆီးခံရပြီး ၊ မတ် ၂၆ ရက်က သူ့မိန်းမ ဒေါ်ယမင်းဖြူဖြူသက်ဆီ ဦးရဲထွဋ် ကိုဖမ်းဆီးထားတဲ့ အဖွဲ့က ဖုန်းဆက်ပြီး သိန်း ၅ ထောင်နဲ့ ပြန်ရွေးရမယ်လို့ ဆက်သွယ်ပြောဆိုလာတယ် ၊ သူ့မိန်းမကလည်း ငွေကြေး ခက်ခဲမှုရှိတယ်လို့ အကြောင်းပြန်ကြားထားတယ်” လို့ ပြောပါတယ်။

အဲ့ဒီ အနာဂတ် အလင်းရောင် ပရဟိတ အဖွဲ့ ဥက္ကဋ္ဌ ဆိုသူ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ပခုက္ကခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဖြစ်စဥ်က ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က ပခုက္ကူမြို့နယ် ၊ မြစ်ခြေ – ကျွန်းချောင်း-ဥယျာဉ်စု -အရှေ့ကမ်းဖြူ – တောင်ပလူ-ရှားဒူး – ခံတော ကျေးရွာလမ်းအတိုင်း ဒေသခံ တိုက်ပွဲရှောင်ပြည်သူများဆီ ရိက္ခာတွေ ထောက်ပံ့လှူဒါန်းခဲ့ပြီးအပြန်လမ်းမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကလည်း ပခုက္ကူမြို့ ၊ အမှတ် ၁၀ ရပ်ကွက် ၊ ကန္နားလမ်းမှာနေတဲ့ ဆန်ကုန်သည် ဦးအောင်မိုး ဆိုသူဟာ နေအိမ်မှာရှိနေတုန်း အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံရပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့ ၊ အမှတ် ၉ ရပ်ကွက်နဲ့ အမှတ် ၁၀ ရပ်ကွက်ကြားမှာနေတဲ့ ဆီစက်လုပ်ငန်းရှင် ဦးဝင်းထိန်ဆိုသူလည်း ပြန်ပေးဆွဲ ဖမ်းဆီးခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက် ကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာနားက Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ ​အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ပေးဆွဲခံရပြီးနောက် ဇန်နဝါရီ ၂၈ ရက်က သိန်း ၂ ထောင်နဲပြန်လည်လွတ်မြောက်လာတယ်လို့ အဲ့ဒီ စက်ရုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ၂၀၂၂ တုန်းက ပခုက္ကူနယ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဆိုသူဟာ လားရှိုးကနေ ပခုက္ကူနေအိမ်ကို ပြန်အလာ လမ်းမှာ ပြန်ပေးဆွဲ အဖမ်းခံရတယ် ၊ သိန်း တစ်ထောင်နဲ့ ပြန်ရွေးရမယ်ဆိုတော့ သူ့မိသားစုက သွားပြန်ရွေးချိန်မှာ ဦးအောင်ထွန်း ဆိုသူဟာ သတ်ဖြတ်လိုက်ပြီးဖြစ်နေပါတယ် ၊ အဲဒီနောက် ပခုက္ကူမြို့ပေါ်က လက်ဖက်နဲ့ အကြော်စုံရောင်းတဲ့ လုပ်ငန်းရှင် အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတယ် ၊ သူ့ကိုယ်တော့ အချိန်မီကယ်တင်နိုင်ခဲ့တယ်” လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးရဲထွဋ်ဖမ်းထားတာ တလအတွင်း ကောလဟလ သတင်းမျိုးစုံကြောင့် မိသားစုဟာ စိုးရိမ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ လုယက်ဓားပြတိုက်တာတွေ ၊ လူပြန်ပေးဆွဲ ဖမ်းဆီးတာတွေကြောင့် ပခုက္ကူနယ်ခံ ကုန်သည် ပွဲစား ၊ စက်ပိုင်တွေဟာ နေရပ်စွန့်ခွာပြီး တခြားမြို့တွေကို ပြောင်းရွေ့နေထိုင်ကြသူ အများအပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ #wfp

Related posts

Leave a Comment

VOM News

FREE
VIEW