ရေနံချောင်းက ကျောင်းဆရာမ ၁ ဦး နေအိမ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ၊ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၆၀၀နီးပါး ပျောက်ဆုံးနေ

ဧပြီ ၊ ၇ ၊ ၂၀၂၃
SP(VOM)

မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဂျုပ်ပင်ကျေးရွာမှာနေတဲ့ မူလတန်းပြ ကျောင်းဆရာမ ၁ ဦးဟာ မနေ့ ဧပြီ ၆ရက် ည၉နာရီခန့်က နေအိမ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးသွားတာ ဖြစ်ပွားခဲ့တယ်လို့ ရေနံချောင်း ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” သေဆုံးသူ ကျောင်းဆရာမဟာ ဂျုပ်ပင်ကျေးရွာ အမက ၃၄ က ၊ မူလတန်းပြဆရာမ ဒေါ်နုနုသီ ၅၆ နှစ်ဖြစ်တယ် ၊ သူက နေအိမ်မှာ တယောက်တည်းရှိနေတဲ့အချိန် အိပ်ခန်းထဲမှာ သေဆုံးနေတာ ဖြစ်ပြီး ၊ သူ့ရဲ့ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေတာ ” လို့ ပညာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရေနံချောင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” သေဆုံးသူ ဆရာမ ဒေါ်နုနုသီ ဆိုသူဟာ နေအိမ်မှာ တယောက်တည်းနေတယ်၊ လည်စေ့နဲ့ လည်ပင်းဘေးရိုးနေရာတွေမှာ ညိုမည်းဒဏ်ရာ၊ ယာဘက်လက်ခလယ်နဲ့ လက်သူကြွယ်တို့မှာ ပွန်းခြစ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပြီး သေဆုံးသူ ဒေါ်နုနုသီရဲ့သားဖြစ်သူ ကိုဟိန်းထွန်းဇော် ပြောပြချက်အရ သေဆုံးသူ ဒေါ်နုနုသီရဲ့ နားမှာ ဝတ်ဆင်ထားတဲ့ ကျောက်အဖြူရောင်ပါ နားကပ် ၁ ရံ (၇၅ဝဝဝဝ ကျပ်ခန့်)၊ သံကွင်းဆက် ရွှေဆွဲကြိုး ၁ ကျပ်သားခန့် ၁ ကုံး (၃၀၀၀ဝဝဝ ကျပ်ခန့်)၊ ကျောက်အဖြူရောင်ပါ ရွှေဆွဲသီး ၁ ခု (၁၅ဝဝဝဝဝ ကျပ်ခန့်) အခေါက်ရွှေလက်စွပ် ၁ မတ်သားခန့် ၁ ကွင်း (၇၅ဝဝဝဝ ကျပ်ခန့်)၊ နေအိမ်အိပ်ခန်းအတွင်းထားရှိ ၁ ပေခွဲ × ၁ပေ ခန့်ရှိ မီးခံသေတ္တာအတွင်း ထည့်သိမ်းထားတဲ့ ပစ္စည်းအမျိုးအမည်(စိစစ်ဆဲ) ရွှေ ၂၀ ကျပ်သားခန့် (၅ဝဝဝဝဝဝဝ ကျပ်ခန့်)နဲ့ မြန်မာငွေရောရာ ၃ သိန်းကျပ်ခန့်၊ Mi Note 11 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ဆင်းကဒ်၂ကဒ် ကာလတန်ဖိုး ၄၀၀၀၀ဝ ကျပ်ခန့်၊ စုစုပေါင်းကာလတန်ဖိုး ၅၆၇ သိန်းကျပ်ခန့်တို့ ပျောက်ဆုံးနေတယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရေနံချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လုယက်မှုတွေ ဖြစ်ပွားခဲ့တာရှိပေမယ်ံ့ အခုလို လူသတ်ပြီး အိမ်တွင်း ပစ္စည်းတွေ လုယူခံရတဲ့ဖြစ်စဥ်ဟာ ပထမဆုံးဖြစ်စဥ် ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေနံချောင်း

Related posts

Leave a Comment

VOM News

FREE
VIEW