တာမွေမြို့နယ်က အထည်ဆိုင်တဆိုင် ကျပ် သိန်း ၁၀၀ ကျော်ပစ္စည်းတွေ ဖောက်ထွင်းခံရ

ဧပြီ၊ ၂၁-၂၀၂၃
MM(VOM)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ မနေ့ ဧပြီလ ၂၀ ရက် ညပိုင်း မီးပြတ်နေတဲ့အချိန် အထည်ဆိုင် တဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားကာ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ချည်ထည်နဲ့ အထည်မျိုးစုံ ၅၀၀ ကျော်ပါသွားတယ်လို့ ရပ်ကွက်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

”တာမွေမြို့နယ်၊ သီတာလမ်းက တိုက်ခန်းတခုရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ Shwe Sapal Phyu ရွှေစံပယ်ဖြူချည်ထည်ပင်ရင်းဆိုင်ဖောက်ထွင်းခံရတာပါ၊မနေ့ ဧပြီ ၂၀ ရက် ညပိုင်းက တာမွေမြို့နယ်မှာ တညလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေတာ၊ လျှပ်စစ်မီး ပြတ်တာကို အခွင့်ကောင်းယူပြီး လုပ်သွားတာ၊ဆိုင်မှာ ညအိပ်စောင့်တဲ့လူမရှိချိန် ဖြစ်သွားတာ၊ သိန်း ၁၀၀ ကျော်ဖိုးလောက် ပါသွားတယ်၊ ခိုးသူတွေက ဆိုင်အနောက်ဘက်က သံပန်းသော့ကို ဖျက်ပြီး ဆိုင်အတွင်းက သစ်သားတံခါး ၃ ခုကို လွှနဲ့ဖြတ်ဝင်တာ။”လို့ ရပ်ကွက်တာဝန်ရှိသူတဦးကပြောပါတယ်။

ဖောက်ထွင်းယူတဲ့ အဖွဲ့မှာ လူ(၆) ယောက်အထိပါဝင်ပြီး ကား(၁)စီးနဲ့ လာရောက် ဖောက်ထွင်းခိုးယူသွားတာဖြစ်ကြောင်း CCTV တွေကလည်း ကြည့်မရတဲ့အတွက် ဖောက်ထွင်းသူတွေကို ခြေရာခံဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။

”CCTV တွေကကြည့်မရဘူးဖြစ်နေတယ်၊ သူခိုးတွေကို ခြေရာခံဖို့ တော်တော်ခက်ခဲနေတယ်၊ သူခိုးတွေက ကားနဲ့တောင်လာတာတဲ့၊ တော်တော်အတင့်ရဲတဲ့အဖွဲ့ပဲ၊ ဒီအတိုင်းဆို ဈေးဆိုင်တွေ မလုံခြုံတော့ဘူး၊ ဒီဖြစ်စဉ်က လျှပ်စစ်မီး မရှိတဲ့ ပြဿနာကြောင့်ဖြစ်ရတာ။”လို့ ဖောက်ထွင်းခံရတဲ့ဆိုင်အနီးက ဒေသခံ တဦးကပြော ပါတယ်။

အဲ့ဒီ အထည်ဆိုင်က အထည်တွေကို ခိုးထုတ်နေတာကို အနီးအနားနေသူတဦးကတွေ့ရှိပြီး အော်ဟစ်မလို့လုပ်တဲ့အချိန် အော်ရင် သတ်ပစ်မယ်လို့ ဖောက်ထွင်းသူတဦးက ခြိမ်းခြောက်ပြောဆိုခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အခု ဖောက်ထွင်းခိုယူခံရတဲ့ဆိုင်ဟာ ပြီးခဲ့တဲ့ (၂)လခန့်ကလည်း ညပိုင်းအချိန် ဆိုင်ရဲ့ဘေးဘက်ပြတင်းပေါက်ကတဆင့် အထည်အမျိုးစုံခိုးယူခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သတ်လို့ ဆိုင်ရှင်တွေဘက်က ရပ်ကွက်တာဝန်ရှိသူတွေကို အသိပေးတိုင်ကြားထားပြီး အမှုမဖွင့်ထားသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အထည်ဆိုင်ဖောက်ထွင်းခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW