လယ်ဝေးမှာ လေပြင်းတိုက်လို့ ရွာ၂ရွာပျက်စီးပြီး လူ၆ယောက်သေဆုံး၊၁၀၀ ကျော်ဒဏ်ရာရ

ဧပြီ ၂၂ – ၂၀၂၃
KT+ GG(VOM)

နေပြည်တော် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရွှေဟင်္သာကျေးရွာအုပ်စု တံတားဦးကျေးရွာနဲ့ ကံသာကျေးရွာအုပ်စု အောင်မြင်ကုန်းကျေးရွာမှာ မနေ့ ဧပြီ၂၁ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၆ ယောက်သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာမှာ အိမ်ခြေ(၇၇)လုံးခန့် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး၊ စိုးရိမ်ရ(၁၆)ဦး၊ သေဆုံး အမျိုးသမီး(၂)ဦး နဲ့ အောင်မြင်ကုန်းကျေးရွာမှာ အိမ်ခြေ(၁၅၅)လုံးခန့် ပျက်စီးဆုံးရူံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ရှိကာ စုစုပေါင်းထိခိုက်ဒဏ်ရာရရှိသူ (၁၀၉)ဦး၊ သေဆုံး(၆)ဦး ရှိခဲ့တယ်လို့ လယ်ဝေးမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေကို လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနဲ့ ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကတော့” ဒဏ်ရာရသူလည်းများတယ်။အိမ်တွေကတော့ အကုန်လုံးနီးပါးပဲ လေတိုက်လို့ပျက်စီးတယ်။အိမ်အနည်းစုပဲကျန်မယ်။ လေဆင်နှာမောင်းက မနေ့ကညနေ၅နာရီကျော်လောက်မှာတိုက်တယ်၊တိုက်တာက မိနစ်၄၀လောက်ပဲကြာတာကိုခုလိုဖြစ်သွားတာ “လို့ ပြောပြပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးသင့်တဲ့ ရွာဒေသခံတွေအနေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာယာယီခိုလှုံနေထိုင်နေရကြောင်းနဲ့အစားအသောက်၊အဝတ်အထည် စသဖြင့်လိုအပ်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ ပျက်စီးခဲ့တဲ့ တံတားဦးရွာနဲ့အောင်မြင်ကုန်းရွာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊လူမှုကူညီရေးအဖွဲ့တွေ၊မီးသတ်ဌာနတွေက ရှင်းလင်းရေးတွေလုပ်ဆောင်နေပြီး လိုအပ်တာတွေလှူဒါန်းနိုင်ဖို့လည်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #လယ်ဝေး #လေပြင်းတိုက် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW