မြိတ်မြို့မှာ ကား ၁ စီးပေါက်ကွဲမှုဖြစ်လို့ လင်မယား ၂ ယောက်သေဆုံး

ဧပြီ ၊ ၂၄-၂၀၂၃
SP(VOM)

တနင်္သာရီတိုင်း ၊ မြိတ်မြို့၊ကန်ဖျားရပ်ကွက်မှာ မနေ့ ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်က အိမ်စီးကား ၁ စီး သွားလာနေရင်း ပေါက်ကွဲမှုဖြစ်လို့ ကားပေါ်ပါ လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မြိတ် ကညန ရုံးနားမှာ ပေါက်ကွဲတာဖြစ်တယ် ၊ ပေါက်ကွဲတဲ့ကား အမျိုးအစားက Honda Fit အနက်ရောင်ဖြစ်တယ် ၊ ကားပေါ်ပါ လူ ၂ ယောက် သေဆုံးသွားတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြိတ်မြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပေါက်ကွဲတဲ့ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ခဲယမ်းတွေ ၊ ဒါမှမဟုတ် မိုင်းတွေပါလာတာဖြစ်နိုင်တယ် ၊ ကားရဲ့ ရှေ့ခန်းကနေ ပေါက်ကွဲတာဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကန်ဖျားရပ်ကွက်မှာနေတဲ့ ကားပေါ်ပါ ဦးဝင်းဆွေနဲ့ သူ့မိန်းမ ဒေါ်မေကဗျာ တို့ ၂ ယောက်သေဆုံးတာဖြစ်တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီ ၁၃ ရက်နေ့ကစလို့ နိုင်ငံနဲ့အဝှမ်း ကားဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပေါ်လာပြီး ဧပြီ ၁၃ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊အမှတ် ၁ ရပ်ကွက် ၊ နယ်မြေ ၈ ၊ ရန်တိုင်းအောင် ဘုရားအနီး စတုဒီသာ မဏ္ဍပ်နား ကားဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ လူ ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း ကရင်ပြည်နယ် ဘားအံ – သထုံ အဝေးပြေးကားလမ်း ၊ မြိုင်ကလေး လမ်းဆုံအနီးမှာ ကား ၁ စီး ပေါက်ကွဲပြီး ကားပေါ်ပါ လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ဧပြီ ၁၃ ကနေ ၂၃ ရက်အထိ ၁၀ ရက်တာကာလအတွင်း ကားဗုံးပေါက်ကွဲတာ ၃ ကြိမ်ဖြစ်ပြီး ၊ လူ ၇ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #ကားဗုံးပေါက် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW