တပတ်အတွင်း ကမ္ဘာ့စီးပွားရေး သတင်းမြင်ကွင်း

မျိုးဆက်(VOM)

(၁)-အိန္ဒိယ Go First လေကြောင်းလိုင်း ဒေဝါလီခံပြီ

အိန္ဒိယအခြေစိုက် ဘက်ဂျက်လေကြောင်းတခုဖြစ်တဲ့ Go First လေကြောင်းလိုင်းဟာ ဒေဝါလီခံဖို့ မေ ၃ ရက်က လျှောက်ထားလိုက်ပြီး နောက်သုံးရက်အတွင်းစီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အခုလိုဒေဝါလီခံရဖို့ဖြစ်လာတာဟာ Pratt & Whitney ထုတ်အင်ဂျင်တွေကြောင့်လို့ ပြစ်တင်ပြောဆိုထားပြီး ဒီအင်ဂျင်တွေကြောင့် လေကြောင်းလိုင်းကလေယာဉ်ထက်၀က်လောက် အမြဲပြုပြင်နေရပြီး ၀င်ငွေကျဆင်းမှုတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

လေယာဉ်ခရီးစဉ်အတွက် မှာယူထားပြီးသူတွေကို ပြန်အပ်းငွေထုတ်ပေးသွားမယ်လို့ Go First လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။ Go First လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ်မှာ Jet Airways လေကြောင်းလိုင်း ဒေဝါလီခံပြီးနောက် ဒေဝါလီခံဖို့ပထမဆုံးလျှောက်ထားခဲ့တဲ့ အိန္ဒိယအဓိက လေကြောင်းကုမ္ပဏီလည်း ဖြစ်ပါတယ်။

(၂)-လျှပ်စစ်ဓါတ်အား နှစ်ဆကျော်တိုးထုတ်ဖို့ ဗီယက်နမ်ရည်မှန်းနေ

ဗီယက်နမ်နိုင်ငံဟာ ၂၀၃၀ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို နှစ်ဆကျော်ထိတိုးထုတ်ဖို့ ရည်မှန်းနေပါတယ်။ ဒါပေမယ့်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထက် ကျောက်မီးသွေးကို အကြီးအကျယ်မှီခိုနေရကြောင်း အစိုးရရဲ့ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

နိုင်ငံတွင်းမှာ စုစုပေါင်းလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုကို ၂၀၃၀ ခုနှစ်မှာ ၁၅၈ ဂဂ္ဂါ၀ပ်ထိ ရရှိဖို့ ရည်မှန်းနေတာဖြစ်ပြီး ဒါဟာ ၂၀၂၀ ခုနှစ်မှာ ၆၉ ဂဂ္ဂါ၀ပ်ထက် နှစ်ဆကျော်ဖြစ်ပြီး ဒီလိုတိုးမြှင့်ထုတ်လုပ်ရေးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ သံတမန်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမယ့်လည်း လျှပ်စစ်ဓါတ်အားတိုးမြှင့်ထုတ်လုပ်ရေးမှာ ဂျီ-၇ နဲ့ အခြားကြွယ်၀တဲ့နို်င်ငံတွေက ဗီယက်နမ်အတွက် ပြည့်ဖြိုးမြဲစွမ်းအင်အသွင်းကူးပြောင်းရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁၅ ဒသမ ၅ ရရှိဖို့ အရေးကြီးပေမယ့် ပြည်တွင်းငြင်းခုံမှုတွေနဲ့ ရှုပ်ထွေးတဲ့ပြုပြင်ပြောင်းလဲရေးတွေကြောင့် နှစ်ပေါင်းများစွာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(၃)-ရုရှား-အိန္ဒိယကုန်သွယ်မှု ရူပီးနဲ့ပေးချေဖို့ ဆွေးနွေးညှိနှိုင်းမှု အဆင်မပြေသေး

ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်ရေးမှာ ရူပီးငွေနဲ့ပေးချေဖို့နဲ့ပတ်သက်ပြီး လအတန်ကြာ ဆွေးနွေးခဲ့ကြပေမယ့် မဆင်မပြေတာကြောင့် ဆိုင်ငံ့ထားရတယ်လို့ အိန္ဒိယအစိုးရတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီလိုအဆင်မပြေဆိုင်းငံ့ထားရတာဟာ ရုရှားဆီကနေ စျေးသက်သာတဲ့ ရေနံနဲ့ကျောက်မီးသွေးတွေ ၀ယ်ယူရာမှာ ရူပီးနဲ့ ပေးချေဖို့ မျှော်လင့်နေတဲ့ အိန္ဒိယအတွက်တော့ ကြီးမားတဲ့ဆုတ်ယုတ်မှုလို့ ယူဆရမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဘဏ္ဍာရေး၀န်ကြီးဌာန၊ အိန္ဒိယဗဟိုဘဏ်နဲ့ ရုရှားတာ၀န်ရှိသူတွေက မှတ်ချက်ပေးခြင်းမရှိပါဘူး။ ကမ္ဘာ့ကုန်စည်တင်ပို့မှုမှာ အိန္ဒိယရဲ့စျေးကွက်ဝေစုဟာ နှစ်ရာခိုင်နှုန်းသာရှိတာကြောင့် ဒီအချက်ဟာ ကမ္ဘာ့နိုင်ငံတွေအတွက် ရူပီးငွေကိုင်ဆောင်ဖို့ လိုအပ်မှုကို လျော့နည်းစေတာဖြစ်ပါတယ်။

(၄)-တရုတ်သို့ သြစတြေးလျရဲ့ပို့ကုန်တင်ပို့မှု ၁၉ ဘီလီယံထိ စံချိန်တင်

တရုတ်နဲ့ သြစတြေးလျနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေချိန်မှာ တရုတ်၀ယ်လက်တွေက သြစတြေးလျရဲ့ ကျောက်မီးသွေးကနေ သံသတ္တုရိုင်းတွေထိ ပို့ကုန်တွေကို၀ယ်ယူမှုကြောင့် ပို့ကုန်စံချိန်တင်ခဲ့တယ်လို့ သြစတြေးလျတာ၀န်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံသို့ သြစတြေးလျရဲ့ ပို့ကုန်တင်ပို့မှုဟာ မတ်လအတွင်း ဒေါ်လာ ၁၉ ဘီလီယံထိရှိခဲ့ပြီး ဒါဟာ ယခင်လကထက် ၂၈ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့နှစ်အလားတူကာလကထက် ၃၁ ရာခိုင်နှုန်းတိုးလာကြောင်း သြစတြေးလျစာရင်းအင်းဗျူရိုက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး အထူးသဖြင့် ကျောက်မီးသွေးတင်ပို့မှု ၁၂၂ ရာခိုင်နှုန်းတိုးလာပြီး ဒေါ်လာ ၂၃၈ သန်း၊ သံနဲ့ သတ္တုရိုင်းတင်ပို့မှုတွေဟာ ၂၈ ရာခိုင်နှုန်းနဲ့ ၂၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာသန်း ၃၈၉ နဲ့ ၉၇၃ သန်းဖိုးထိရှိနေပါတယ်။

(၅)- သုံးလအတွင်း အမြတ်ငွေ ငါးဘီလီယံထိ ရရှိခဲ့တဲ့ BP ရေနံကုမ္ပဏီ

ဗြိတိန်အခြေစိုက် ရေနံနဲ့သဘာ၀ဓါတ်ငွေ့ကုမ္ပဏီကြီးဖြစ်တဲ့ BP ရဲ့ အမြတ်ငွေဟာ ယခုနှစ်ပထမသုံးလအတွင်းမှာ ဒေါ်လာငါးဘီလီယံထိ စံချိန်တင်ရရှိခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံထိ အမြတ်ကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ သိသာထင်ရှားတဲ့အမြတ်အစွန်းရရှိခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ဗြိတိန်ပါလီမန်အမတ်တွေရဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။

စွမ်းအင်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် အခုလိုက်အမြတ်အစွန်းရရှိနေတာဖြစ်ပြီး လူနေမှုစရိတ်ကြီးမြင့်မှုတွေကို ရင်ဆိုင်နေရသူတွေအတွက် အခွန်ပိုမိုပေးဆောင်ဖို့ ဗြိတိန်လေဘာပါတီနဲ့ လစ်ဘရယ်ဒီမိုကရက်တစ်တွေက တိုက်တွန်းတောင်းဆိုနေကြပါတယ်။

Ref: Reuters /BBC/CNN
#voiceofmyanmar #VOM #ကမ္ဘာ့စီးပွားရေး #သတင်းမြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW