မုန်တိုင်းကိုစိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ ဆန်စပါးအသင်း တိုက်တွန်းပြီးနောက် ဆန်ဈေးတွေ ထပ်တက်လာ

မေ ၈ – ၂၀၂၃
SN (VOM)

ဆိုင်ကလုန်းမုန်တိုင်းသတင်းကို စိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က တိုက်တွန်းပြီးနောက် ပြည်တွင်းမှာ ဆန်ဈေးတွေ ထပ်တက်လာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

ပြည်တွင်းမှာ အရန်ရိက္ခာဆန်စပါးတွေ အပြည့်အဝရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆန်စပါး ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့၊ လိုအပ်တဲ့ပမာဏကိုသာ ဝယ်ကြဖို့နဲ့ ပစ္စည်းမှန်၊ဈေးနှုန်းမှန် ဝယ်ယူလို့မရရင် အသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေကို ဆက်သွယ်ဖို့ MRFက မေလ ၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက် ထွက်ပေါ်ပြီးနောက် မေ ၈ ရက်နေ့မှာ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတွေဟာ ကျပ် ထောင်ဂဏန်းဝန်းကျင် ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ်။

သင်္ကြန်အပြီး တောက်လျှောက် ထိုးတက်လာတဲ့ ဆန်ဈေးနှုန်းတွေဟာ လက်ရှိမှာလည်း မုန်တိုင်းသတင်းကြောင့် ဆန်ချောသာမက ဆန်ကြမ်းဈေးနှုန်းတွေပါ တစ်အိတ်ကို ကျပ် ၂၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်ကြား မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

“ဆန်ဈေးက အစကတည်းကကို တက်နေတာ။ သူတို့ကြေညာချက်ထုတ်လည်း တက်တာပဲ၊ မထုတ်လည်း တက်တာပဲ။ ကြေညာချက်တွေက ဆန်ဈေးတွေထပ်တက်ဖို့၊ မတရား ဈေးတင်ရောင်းဖို့ နှပ်ကြောင်းတောင်ပေးနေသလိုပဲ။ မုန်တိုင်းကလည်း နာဂစ်လိုဖြစ်နိုင်တယ်၊ နာဂစ်ထက်တောင် ဆိုးနိုင်သေးတယ် ပြောနေကြလို့ ကိုယ်နိုင်သလောက်တော့ ဝယ်စုထားရတာပေါ့။ မစုလို့ကလည်း မရဘူးလေ။ ကုန်ဈေးနှုန်း‌တွေက တစ်နေ့နဲ့‌တစ်နေ့ တူတာမဟုတ်ဘူး။ ဆန်တင်မကဘူး၊ အစစအရာရာ ဈေးထပ်တက်နိုင်ချေရှိတာကိုး”လို့ မြောက်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

လက်ရှိ ဈေးကွက်အတွင်း ပုသိမ်ဆင်းသုခ ၂၄ ပြည် တစ်အိတ်ကို ၆၆၀၀၀ ကျပ်၊ မြောင်းမြမနောသုခ ၆၈၀၀၀ ကျပ်၊ ဆင်းသွယ် ၇၀၀၀၀ ကျပ်၊ ရက် ၉၀ ထူးရှယ် ၇၂၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၈၂၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေး ၈၄၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၈၈၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေး ၉၂၀၀၀ ကျပ်၊ ဘေးကြားတောင်ပျံ ၉၆၀၀၀ ကျပ်၊ ဧရာရွှေဘိုပေါ်ဆန်းမွှေး ၁၀၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးရှယ် ၁၁၂၀၀၀ ကျပ်၊ ရွှေဘိုအိုးဝင်ထိပ်ရှယ် ၁၁၈၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းအသီးသီး ဖြစ်ပေါ်နေ‌တယ်လို့ သိရပါတယ်။

“ဈေးတွေက တစ်နေ့တစ်နေ့ကို မျက်လုံးပြူးလောက်အောင်တက်တာ။ ဆန်တစ်အိတ် တစ်သိန်းကျော်နေပြီ။ ဆန်တစ်ပြည် လေးထောင် ဖြစ်နေပြီ။ မုန်တိုင်းမလာလည်း စုရမှာပဲ။ အခြေအနေက ဘာမှန်းသိတာမဟုတ်ဘူး။ အရင်လို ဆန်ကြမ်းတစ်ပြည် ၁၅၀၀ ခေတ်လေး ပြန်ရောက်ချင်ပါပြီ” လို့ တောင်ဥက္ကလာပမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ပြီး မြန်မာပြည်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်ချေပိုများတယ်လို့ သိရပါတယ်။

ဖြစ်လာနိုင်တဲ့ မုန်တိုင်းအခြေအနေကြောင့် ဆန်ဈေးနှုန်း ဒီ့ထက်ပိုတက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး အခုလိုဈေးနှုန်း မြင့်တက်မှုတွေနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ မမှန်ကန်တဲ့ဈေးနှုန်းတွေ၊ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖန်တီးပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေကို စိစစ်ဖော်ထုတ် ထိန်းကျောင်းသွားမှာဖြစ်ကာ ဆန်ကုန်သည်တွေ၊ စက်ပိုင်တွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း သင့်တင့်တဲ့ စျေးနှုန်းနဲ့သာ ရောင်းဝယ်ကြဖို့ ဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မုန်တိုင်းနဲ့ဆန်ဈေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW