တောင်ငူအကျဥ်းထောင်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကျဥ်းသားတွေ ထွက်ပြေးမှုဖြစ်ပွား

မေ ၁၈ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း ၊တောင်ငူအကျဥ်းထောင်မှာ ဒီနေ့ မေလ ၁၈ ရက် နေ့လယ် ၃ နာရီလောက်က အချုပ်သားကိုရုံးထုတ်စစ်ဆေးစဥ် အချုပ်သားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီကနေ သေနတ်ကိုလုကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး အကျဥ်းသား ၁၀ ယောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထွက်ပြေးသွားတဲ့အထဲက အမျိုးသားတစ်ယောက်ကို ပြန်လည်ဖမ်းဆီးရမိပြီး ၉ ယောက်ကတော့ လက်နက်တွေနဲ့အတူ လွတ်မြောက်သွားကြောင်းနဲ့ လွတ်မြောက်သွားတဲ့အထဲမှာ မိန်းကလေးလည်း ပါဝင်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

” ထောင်ဝန်းထဲမှာပဲ ရုံးထုတ်ကအပြန် သေနတ်လုပီးပြေးတာ၊ရုံးထုတ်တာကလည်း ထောင်ထဲမှာပဲ ထုတ်တာ အပြင်မှာမဟုတ်ဘူး၊ ပစ်ခတ်မှုမှာ ထောင်ဘက်ကလည်း သေတယ်လို့သိရတယ်။ ထွက်ပြေးသွားတဲ့ သူတွေမှာ သေနတ် ၄ လက်ပါသွားတယ်”လို့ အကျဥ်းထောင်နဲ့ နီးစပ်သူ တောင်ငူဒေသခံတစ်ဦးကပြောပါတယ်။

နောက်ပြီး အဲ့ဒီ အပြန်အလှန်ပစ်ခတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ထောင်ဝန်ထမ်း တပ်ကြပ်မောင်မျိုးသေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့် ဆိုသူမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပေမယ့် VOMအနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထောင်အနီးတစ်ဝိုက်နဲ့ မြို့ထဲမြို့ပြင်တွေမှာ လိုက်လံရှာဖွေနေပြီး မြို့ထဲမှာလည်း စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ သိရပါတယ်။

” အခု စစ်တပ်ရော ရဲရော တစ်မြို့လုံးရှာနေတယ် ၊ ထောင်နားတစ်ဝိုက်နဲ့ ခေမာလမ်းဘက်လည်း အစစ်ဆေးကြမ်းနေတယ် “လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ တောင်ငူအကျဥ်းထောင်ထဲမှာလည်း တာဝန်ရှိသူတွေ ရောက်ရှိနေပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

#VOM #voiceofmyanmar #တောင်ငူ #အကျဥ်းထောင်ပစ်ခတ်မှု #အချုပ်သားနှစ်ဦးထွက်​ပြေးသွား

Related posts

Leave a Comment

VOM News

FREE
VIEW