စာရေးဆရာဝေဟင်အောင် ဖမ်းဆီးခံရ

မေ ၂၃ – ၂၀၂၃
SN (VOM)

ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီနေတဲ့ စာရေးဆရာဝေဟင်အောင်ဟာ ဒီကနေ့ မေလ ၂၃ ရက်၊ မွန်းလွဲပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ မွန်းလွဲ ၃ နာရီကျော်အချိန်ခန့်က စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့ဟာ သောက်သုံးရေတွေလှူဖို့ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားရွာချောင်းကျေးရွာကိုအသွား လမ်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“မုန်တိုင်းသင့် ပြည်သူတွေဆီကို ရေလှူဖို့သွားရင်း ဖြစ်တာ။ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနား အရောက်မှာ အဖမ်းခံလိုက်ရတာ။ ဆရာနဲ့အတူ သူ့သမီးလည်း အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်။ နောက်ထပ် ၃ ယောက်လည်း ပါသေးတယ်။ စုစုပေါင်း ၅ ယောက် အဖမ်းခံလိုက်ရတာပေါ့”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သူတို့အဖွဲ့ ဖမ်းဆီးခံရတဲ့ အကြောင်းပြချက်ကို တိတိကျကျမသိရသေးသလို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

စာရေးဆရာ ဝေဟင်အောင်ဟာ ၂၀၁၈ ခုနှစ်က နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၀၂ တို့နဲ့ ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံခဲ့ရပါသေးတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့အတူ စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကြောင့် ထောင်ကျခဲ့တဲ့ စာရေးဆရာဝေဟင်အောင်ဟာ ၂၀၂၁ ခုနှစ်မှာ နစကရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ကာ လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #စာရေးဆရာဝေဟင်အောင် #ဖမ်းဆီးခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW