လှိုင်မြို့နယ်မှာ YBS ၂၁ အပါအဝင် ကား ၃ စီး ဆင့်တိုက်ပြီး ၂ ဦး သေဆုံး

မေ ၂၁ – ၂၀၂၃

SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပါရမီလမ်း မီးပွိုင့်မှာ မေ ၂၀ ရက်နေ့၊ မနေ့ ည ၁၀ နာရီဝန်းကျင်က YBS ၂၁ အပါအဝင် ကား ၃ စီး ဆင့်တိုက်ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း(ရုံးချုပ်)ကနေ သိရပါတယ်။

YBS ၂၁ ယာဉ်နဲ့ တက္ကစီယာဥ်နှစ်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကစီတစ်စီးပေါ်မှ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

“တိုက်တာက ဘယ်လိုတိုက်လဲတော့ ကျွန်တော်တို့မသိဘူးပေါ့နော်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ ကားကြီးက ဘေးလမ်းက မြောင်းနားမှာ မှောက်နေတယ်။ ကားလေးကတော့ အလယ်ဆက်တုံးပေါ်မှာ တော်‌တော်လေးပြားနေတယ်။ ကားလေးထဲမှာက ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ပါတယ်။ ကားက တစ်စီးလု့းပြားနေတာဖြစ်တဲ့အတွက် နှစ်ယောက်လုံးကတော့ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အသက်မရှိကြတော့ပါဘူး။ ကားထဲမှာ ညှပ်နေကြတဲ့အတွက် မနည်းကို ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ခဲ့ရပါတယ်” လို့ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း(ရုံးချုပ်) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ ကားအတွင်း လူညှပ်နေကြောင်း သတင်းရတဲ့အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မာဃရိပ်ငြိမ် လူမှုကယ်ဆယ်ရေးအသင်းတို့နဲ့အတူ ပူးပေါင်းကူညီမှု လုပ်ဆောင်ခဲ့ရပြီး သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်း
#VOM #voiceofmyanmar #မကွေး #ယာဥ်တိုက်မှု #လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW