ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်သား ၁ ဦး မိုးကြိုးထိမှန် သေဆုံး

မေ ၊ ၂၄ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာ အုပ်စု မှာရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီလုပ်ကွက်တခုမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ကျောက်မျက်တူးဖော်ရေးလုပ်သား (ကင်းစောင့်တာဝန်ကျ)တစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မိုးကြိုးထိမှန် သေဆုံးသူက ကိုစိုင်းမောင်မြင့် အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်တယ် ၊ သူ့ဇာတိမြေက မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်က ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံအတိုင်းအတာ အနေနဲ့ မိုးကြိုးထိမှန် သေဆုံးသူ လူအယောက် ၃၀ ကျော်ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ညွှန်းကြားရေးမှူးရုံးချုပ်ဆီက သိရပါတယ်။

” ပြီးခဲ့တဲ့၂၀၂၂ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံလုံး အနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဥ် အကြိမ်ရေ ၃၂ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၃၄ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက ၉ ဦးရှိတယ် ” လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ ၁ ဦးကို ထောက်ပံ့ကြေးငွေ ၃ သိန်းကျပ် ၊ ဆေးကုသနေတဲ့ ဒဏ်ရာရသူ ၁ ဦးကို ၅ သောင်းကျပ် နူန်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဥ် မိုးကြိုးထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရ ဆေးကုသရသူတွေကို ပုံမှန်နူန်းထား ၃ သိန်း နဲ့ ၅ သောင်း ထောက်ပံ့ပေးရာ နှစ်စဥ် ထောက်ပံ့ရတဲ့ ငွေပမာဏဟာ သိန်း ၂ ရာကျော်ကနေ သိန်း ၅ ရာအတွင်း ကုန်ကျတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဖားကန့် #မိုးကြိုးပစ် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW