သံဖြူဇရပ်မှာ မော်တော်ယာဥ်တစ်စီး အရှိန်လွန်ပြီး တံတားဘောင်အား ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံး

မေ ၂၈ – ၂၀၂၃
SN (VOM)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်မှာ မော်တော်ယာဥ်တစ်စီး အရှိန်လွန်ပြီး တံတားဘောင်အား ဝင်တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့တယ်လို့ လမိုင်းပရဟိတလူငယ်များအဖွဲ့ဆီက သိရပါတယ်။

မနေ့ မေ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က Hijet အမျိုးအစား မော်တော်ယာဥ်တစ်စီးဟာ ခြံလုပ်ငန်းကနေ အိမ်ကိုအပြန် သံဖြူဇရပ်-ရေးလမ်းမကြီး၊ နှင်းစုံကျေးရွာအလွန်အရောက်မှာ တံတားဘောင်တစ်ခုကို အရှိန်လွန် ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ သုံးဦးအနက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကားက ထားဝယ်၊ ကန်ဘောက်ကနေပြီး သံဖြူဇရပ်၊ ကျိုက္ခမီဘက်ကိုပြန်တာ။ ယာဉ်ပေါ်မှာ ပါလာတဲ့ သုံးယောက်မှာ သေသွားတာက ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီဖြစ်စဉ်မှာ အသက်မသေဘဲ ကျန်ခဲ့တဲ့တစ်ယောက်ကတော့ အသက် ၁၂ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးပါ။ သူကတော့ မျက်နှာနည်းနည်းပွန်းသွားရုံလောက်ပဲ ဒဏ်ရာရခဲ့တယ်”လို့ လမိုင်းပရဟိတလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဥ်ပေါ်မှာ စီးနင်းလိုက်ပါလာသူ သုံးဦးဟာ မိသားစုဝင်တွေဖြစ်ကြပြီး သံဖြူဇရပ်မြို့နယ်၊ ကဒါတ်ထောက်ကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လမိုင်းပရဟိတလူငယ်များအဖွဲ့နဲ့ ဆေးတောင်မြေ လူမှုကယ်ဆယ်ရေးအသင်းတို့က အခင်းဖြစ်ရာနေရာကနေ လမိုင်းဆေးရုံ၊ ရင်ခွဲရုံကို ဦးစွာပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက နေရပ်ကို ပို့ဆောင်ပေးဖို့ အကူအညီတောင်းခံလာတဲ့အတွက် DB နှစ်ခုကို မနေ့ မွန်းလွဲ ၂ နာရီအချိန်က လမိုင်းဆေးရုံ ရင်ခွဲရုံက တဆင့် သံဖြူဇရပ်မြို့နယ်၊ ကဒါတ်ထောက်ကျေးရွာကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #သံဖြူဇရပ် #ယာဥ်တိုက်မှု #လူနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW