ဧရာဝတီတိုင်းမှာ (၁)လအတွင်း ခရီးသည်တွေလုယက်ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး တရားခံမမိဖြစ်နေ

ဇွန်၊၂-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ (၁)လအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြတိုက်တဲ့ဖြစ်စဉ်တွေ အကြိမ် ၂၀ ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။

အခုနှစ် မေလ (၁)လအတွင်း ဧရာဝတီတိုင်းက ပုသိမ် ၊ ငွေဆောင် ၊ ချောင်းသာ ၊ ရွှေသောင်ယံ ၊ ဂေါ်ရင်ဂျီ ၊ နတ်တောင် ၊ လိပ်ကျွန်း ၊ သမီး လှကျွန်း ၊ပုသိမ် ရွှေမုဌောစေတီ ၊ငပုတော မြတ်မော် တင်စွန်စေတီ ၊ ငွေတောင် ၊ ညောင်ချောင်းသာ၊ ဘိုကလေး ၊ကျောင်းကုန်း၊ကံ့ကော်တစ်ထောင် ၊ ဟင်္သာတ၊ ပန်းတနော်၊ ဓနုဖြူ စတဲ့ ဒေသတွေကို လာတဲ့ ခရီးသွားဧည့်သည်တွေလုယက် ဓားပြ တိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတာဝန် ရှိသူတွေဆီကနေ သိရပါတယ်။

”ဝတ်ဆင်လာတဲ့ လက်ဝတ်ရတနာတွေ လုယက်ခံရတာ၊ ပိုက်ဆံအိတ်တွေကို ဓားထောက် လုယက်ခံရတာ အဲ့ဒီလိုဖြစ်စဉ်တွေ များခဲ့တယ် ၊ အကြိမ်ရေနဲ့ ပြောမယ်ဆို တလအတွင်း အကြိမ် ၂၀ ကျော်မယ် ၊အထင်ကရ နေရာတွေကို လည်ပတ်အပန်းဖြေဖို့လာတဲ့ ခရီးသွားတွေကို ပစ်မှတ်ထား လုယက်ဓားပြတိုက်လာတာပါ ၊လူသတ်ခံရတဲ့အထိ မဖြစ်ခဲ့ပေမယ့် ပြင်းထန်တဲ့ဒဏ်ရာတွေရရှိတဲ့အထိဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်၊ တချို့ကလည်း တိုင်ကြားတဲ့အထိ လုပ်ခဲ့တယ်၊ တချို့ကလည်း နောက်ကြောင်းရှုပ်မှာစိုးလို့ မတိုင်ကြဘူး၊ တိုင်တဲ့သူတွေပြောတာကလည်း တိုင်တော့လည်း တရားခံ တခါမှ မမိဘူးတဲ့။”လို့ခရီးသွားလုပ်ငန်းအသင်းတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

အဲ့ဒီ လုယက် ဓားပြတိုက်တဲ့သူတွေဟာ အုပ်စုဖွဲ့လုပ်ဆောင်နေတာဖြစ်ပြီး ဆိုင်ကယ်တွေ အသုံးပြုကာ အနက်ရောင်မျက်နှာဖုံးတွေ အုပ်ထားပြီးနေ့ခင်းကြောင်တောင် လုယက် ဓားပြတိုက်နေကြတာကြောင့် ခရီးသွား အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ပြန်လည် မခုခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို ပိုမိုပစ်မှတ်ထားလုပ်နေကြတာလို့ ကိုယ်တွေ့ကြုံရတဲ့သူတွေဆီကနေ သိရပါတယ်။

”သက်ဆိုင်ရာ လုံခြုံရေးတွေကလည်း လုယက် ၊ဓားပြ တိုက်တဲ့ ကိစ္စတွေဘက် မလှည့်နိုင် ဖြစ်နေ တယ်ထင်ပါရဲ့ ၊ ပြောရမယ်ဆိုရင် လုံခြုံရေး အရမ်းအားနည်းနေတယ် ၊ အဒေါ်တို့ မိသားစုဆို ချောင်းသာကို ညအိပ်သွားတာ ၊ ညနေဘက် လမ်းလျှောက်ထွက်ရင်း လုယက်ခံရတာ၊ ဝတ်ထားတဲ့ ဆွဲကြိုး အဖြတ်ခံလိုက်ရတာ ၊ သူတို့က အနည်းဆုံး ၄ ယောက်အထိပါတဲ့အဖွဲ့ တွေပဲ ၊ အရင်က အခုလိုအပန်းဖြေ ခဏခဏ ထွက်ဖူးပေမယ့် ဒါမျိုး မကြုံဖူးပါဘူး ၊ အော်ရင်သတ်မယ် ၊ တိုင်ရင် သတ် ဆိုတာကြီးပဲ၊ တကယ့် တရားဥပဒေမဲ့ အခြေအနေ ဖြစ်နေတယ်၊ အခု ကမ်းခြေမပြောနဲ့ ဒေသဘုရားပွဲတောင် သွားဖို့ ခပ်ကြောက်ကြောက်ဖြစ်နေတယ်။”လို့ ကိုယ်တွေ့ကြုံရတဲ့ ခရီးသွားတစ်ဦးကပြောပါတယ်။

အခုလို ခရီးသွားဒေသတွေမှာ လုယက် ၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလာတာကြောင့် လုံခြုံရေး စိတ်မချရတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်လာနိုင်ပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့သူတွေ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ရှိလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ပြောပြချက် အရသိရပါတယ်။

ဒါ့အပြင် ခရီးသွားဒေသတွေမှာ လုယက် ၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဟာ အရင်က ဖြစ်ပွားတာသိပ်မရှိဘဲ ၂၀၂၁ခုနှစ် နောက်ပိုင်းကစတင်လို့ အဖြစ်များလာတာလို့ ခရီးသွားဒေသက ပြည်သူတွေနဲ့ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #ဓားပြတိုက်လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW