စက်ရုံအစောင့်လုံခြုံရေးကို လည်ပင်းညှစ်သတ်ပြီး ကြေးနန်း၊ဝါယာကြိုးတွေအပြင် ဖုန်းကိုပါ ယူဆောင်မှု ဖြစ်ပွား

ဇွန် ၁၄ – ၂၀၂၃
SN (VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၁)မှာ ဒီနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းက စက်ရုံအစောင့်လုံခြုံရေးကို ပလက်စတစ်ကြိုးနဲ့ လည်ပင်းညှစ်သတ်ပြီး ကြေးနန်းကြိုး၊ ဝါယာကြိုးတွေအပြင် လုံခြုံရေးရဲ့ဖုန်းကိုပါ ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ စက်ရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

တောင်ဒဂုံ စက်မှုဇုန် (၁)၊ စစ်တွေလမ်းနဲ့ ထားဝယ်လမ်းထောင့်ရှိ ပလပ်စတစ်စက်ရုံမှာ လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“သူက ခြေထောက်တစ်ဖက်မရှိတဲ့ ဒုက္ခိတပါ။ စက်ရုံကထုတ်တဲ့ ပလပ်စတစ်ကြိုးတွေနဲ့ပဲ လည်ပင်းကိုညှစ်ပြီး သတ်သွားတာလို့ သိရပါတယ်။ သူ့ဖုန်းကိုလည်း ခိုးသွားတာဖြစ်တဲ့အတွက် သူ့အိမ်နဲ့လည်း အဆက်အသွယ် မရသေးပါဘူး” လို့ စက်ရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အခု ကာလအတွင်းမှာ တိုင်းနဲ့ ပြည်နယ်အနှံ့ လူသတ်၊ လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်၊ စည်ပင်သာယာစျေးကြီး (မြောက်ဘက်)ရှိ “နီနီလွင်”ရွှေဆိုင်ကို သေနတ်သမား ၄ ဦးက ‌ဓားပြတိုက်ရာမှာ ဆိုင်ရှင်က တံခါးဖွင့်မပေးတဲ့အတွက် တံခါးကြားထဲကနေ သေနတ်နဲ့ ပစ်ခတ်တာကြောင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဇော်နိုင်ထွန်း ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့နေ့ ညနေ ၄ နာရီဝန်းကျင်မှာပဲ ပဲခူးတိုင်း၊ ပြည်မြို့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ (၃) လမ်းထိပ်၊ ဟိုတယ်ခေတ္တရာအနီးရှိ နေအိမ်မှာ အမျိုးသမီးတစ်ဦးကို သတ်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းတွေနဲ့ ငွေကျပ် သိန်း ၅၀ ကို ယူဆောင်သွားတဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကာ အဲ့ဒီ့ဖြစ်စဉ်မှ လူသတ်မှုကျူးလွန်သူကို ပြည်မြို့၊ အမှတ် (၃) ရဲစခန်းမှာ ဖမ်းမိထားပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ ဇွန် ၁၃ ရက်နေ့၊ မနက် ၇ နာရီခန့်ကလည်း မွန်ပြည်နယ်၊ ရေးမြို့၊ ဝင်းသုခရွှေစျေးက “ရွှေလဝန်း” ရွှေဆိုင်မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သိန်း ၈၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ရန်ကုန်မြို့မှာလည်း ဓားထောက်လုယက်မှုတွေ၊ ခိုးမှုတွေ၊ လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စမ်းချောင်းမြို့နယ်၊ မြင့်မိုရ်လမ်းနဲ့ မင်းလမ်းအကူး လမ်းသွယ်အတွင်းမှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးပြီး ဖုန်းနဲ့ငွေတွေ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ – ရှင်သန်ခွင့်လူမှုကူညီရေးအသင်း
#VOM #voiceofmyanmar #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW