နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင် ဆေးရုံတင်ထားရ

ဇွန် ၁၇ – ၂၀၂၃
SN (VOM)

မန္တလေး အိုးဘိုအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဟာ မနေ့ ဇွန် ၁၆ ရက်က ဆေးရုံတက်ရောက်ကုသနေရတယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အသက် ၇၂ နှစ်အရွယ် ဝန်ကြီးဟောင်းဟာ နှလုံးရောဂါကြောင့် မနေ့ မနက်ပိုင်းက မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူ‌နေရတယ်လို့ သိရပါတယ်။

“ထောင်ထဲမှာ နှလုံးရောဂါဖောက်လာလို့ပါ။ အကျဉ်းထောင်ဆေးရုံအုပ်ရဲ့ လမ်းညွှန်ချက်အရ မနေ့ မနက် ၉ နာရီခွဲလောက်က မန္တလေးဆေးရုံကို တင်လိုက်ရတာပါ” လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ဝန်ကြီးဦးဖေဇင်ထွန်း တာဝန်ကအနားယူခဲ့တဲ့အတွက် ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့်လို့ဆိုကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တောင်ငူအကျဥ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်လည်း ကျန်းမာရေးအခြေအနေ မကောင်းတဲ့အတွက် မိသားစုဝင်တွေက ပြင်ပဆေးရုံမှာ ဆေးကုသမှု ခံယူခွင့် တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပါ်ခဲ့ပါတယ်။

လက်ရှိ အကျဉ်းကျခံနေရသူတွေအနက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအပါအဝင် ဝန်ကြီးအချို့နဲ့ NLD ပါတီရှိ ထိပ်ပိုင်းခေါင်းဆောင်တချို့မှာ ကျန်းမာရေးအခြေအနေအရ ထောင်ပြင်ပရှိ ဆေးရုံကြီးတွေမှာ ဆေးကုသမှုခံယူခွင့်တွေ ရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရချိန် ကိုဗစ်ရောဂါပိုး ကူးစက်ခံရတာကြောင့် အင်းစိန်ထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်း ဆေးကုသမှုခံယူခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဇွန် ၂၀ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နစကလက်ထက် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူ ဦးအောင်သန်းဦးမှာလည်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #လျှပ်စစ်ဝန်ကြီးဟောင်းဦးဝင်းခိုင် #ဆေးရုံတင်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW