ဇွန် ၁၇ – ၂၀၂၃
GG(VOM)
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေဖြစ်စဥ်တွေကြောင့် ဟိုတယ်နဲ့ခရီးသွာလုပ်ငန်းတွေ ထိခိုက်ကာ လုပ်ငန်းရပ်ဆိုင်းပြီး ရောင်းချဖို့အထိလုပ်လာတဲ့ ဟိုတယ်ရာနဲ့ချီရှိနေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု အလွန်နည်းပါးခြင်း၊ ပြည်တွင်းခရီးသွားနူန်းလည်း ကျဆင်းခြင်းကြောင့် ဟိုတယ် ထိန်းသိမ်းရေးစရိတ်၊ ဘဏ်ချေးငွေ ၊အလုပ်သမားငှားရမ်းခ အပါအဝင် စတဲ့ အထွေထွေကုန်ကျစရိတ်တွေကြောင့် ဟိုတယ်လုပ်ငန်းကိုရပ်တည်ဖို့ခက်ခဲကာ ရောင်းချဖို့ ခြေလှမ်းပြင်လာကြတာဖြစ်တယ်လို့ သိရပါတယ်။
” အခုကလျှပ်စစ်မီးကလည်း ပုံမှန်မရတော့ ဟိုတယ်ဖွင့်လှစ်ဖို့ ကုန်ကျစရိတ်ကထောင်းလာတယ်။ခရီးသည်ကလည်း မလာဘူးဆိုတော့ ခက်နေတာပေါ့။ဝင်ရောက်မှုက အတော်လေးကိုကျဆင်းသွားတယ်။စရိတ်တွေက မတတ်နိုင်တော့ဘူး။ ဟိုတယ်ပိုင်ရှင်တွေကပြန်ရောင်းဖို့လုပ်လာတာတွေရှိတယ်၊ မြန်မာနိုင်ငံက အရင်ကတည်းက မကောင်းတာ ၆လ ၆လ ပေါ့။ ဧပြီကနေ စက်တင်ဘာက ဧည့်ဝင်နည်းတယ်။အခုက ပိုဆိုးတာပေါ့။ အရှုံးများလာတော့ ဟိုတယ်တွေကိုပဲ ထုတ်ရောင်းဖို့ဆိုပြီး ပြင်လာကြတာပေါ့။ရာဂဏန်းလောက်ကိုရှိနေတယ် “လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အများစုဟာ ဘဏ်ချေးငွေရယူပြီး လုပ်ငန်းလည်ပတ်ကြတာဖြစ်သလို ကိုဗစ်ကာလ စီးပွားရေးကုစားမှုအဖြစ်လည်း ချေးငွေရယူထားကြတာကြောင့် လက်ရှိလုပ်ငန်းမလည်ပတ်နိုင်တဲ့အခါ ငွေကြေးပြန်လည်ပေးဆပ်ဖို့ အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဟိုတယ်တွေကို ရောင်းချဖို့ အိမ်ခြံမြေ ရောင်းဝယ်ရေလုပ်ငန်းတွေမှာ အရောင်းကြော်ငြာတင်ထားကြသလို လုပ်ငန်းရှင်အချင်းချင်းချိတ်ဆက်လုပ်တာတွေရှိလာတယ်လို့ သိရပါတယ်။
” ကိုဗစ်ချေးငွေတုန်းကလည်း ရတဲ့သူတွေ ရကြတယ်။ဟိုတယ်တွေက ဖွင့်သာထားရတာ ခရီးသွားက မရှိဘူး။ပုဂံလိုနေရာမျိုးမှာတောင် စနေတနင်္ဂနွေလိုနေ့မှာပဲ လူရှိတယ်။ နောက်တစ်ခု လေကြောင်းလိုင်းကလည်း တစ်ပတ်၂ရက်ဆိုတော့ အဆင်မပြေဘူး၊ဘာလို့ဆို နိုင်ငံခြားသားတွေကို တစ်ပတ်၂ရက်ပဲသွားပါလို့ ပြောမရဘူးလေ။နိုင်ငံရေးမတည်ငြိမ်လို့ မသွားရတဲ့ နေရာကလည်း အများကြီးရှိနေတယ်ဆိုတော့ မတည်ငြိမ်သရွေ့ ခရီးသွားလုပ်ငန်းက အခုထက် ဆိုးဖို့ပဲရှိတော့တယ်”လို့ နောက်ထပ် ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဟိုတယ်တွေ ပြန်လည်ရောင်းချဖို့စီစဥ်နေတဲ့အထဲမှာ ရန်ကုန်တိုင်း ၊ ပုဂံ၊ ငပလီ၊ ချောင်းသာ ၊ငွေဆောင် အပါအဝင် ရှမ်းပြည်နယ်ကဟိုတယ်တွေပါဝင်ပြီး ဧည့်အဝင်မရှိလို့ ပိတ်ထားရတဲ့ဟိုတယ်တွေလည်း အများအပြားရှိနေတယ်လို့သိရပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ” အခုကာလမှာ အဆင်မပြေလို့ ထုတ်ရောင်းမှဖြစ်မယ်၊ရောင်းချင်တယ်ဆိုပြီး ထုတ်ပြောတာမျိုးဖြစ်နိုင်ပါတယ်။ရောင်းတော့လည်း အဆင်မပြေလို့ရောင်းတာကို ဘယ်လုပ်ငန်းရှင်က အရှုံးခံပြီး ပြန်ဝယ်ပါ့မလဲ ။အရှူံးခံရောင်းလို့ ဝယ်ရင်တော့တမျိုးပေါ့။ကျနော်တို့ဆီတော့ အဲ့ဒီလိုရောင်းမယ်ဆိုပြီး စာရင်းတက်လာတာမရှိသေးဘူး။အရောင်းအဝယ်ဖြစ်နေတာလည်းမတွေ့သေးဘူး။ဟိုတယ်တစ်ခုရောင်းပြီဆိုရင် အမည်ပေါက်ပြောင်းမှာပဲ၊အဲ့ဒီလိုလုပ်ရင် ဒေတာကတော့ကျနော်တို့ဌာနကိုတက်လာမှာပဲလေ။ “လို့ ပြောပါတယ်။
လက်ရှိ မြန်မာ့ခရီးသွားလုပ်ငန်းက ပြည်တွင်းခရီးသွား ပြန်လည်ဖွံ့ဖြိုးဖို့ကို အဓိကဆောင်ရွက်နေပြီး ပြည်တွင်းခရီးသွား နူန်းတက်လာမှ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်လာအောင် ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ပုဂံ၊ မန္တလေး၊နေပြည်တော်၊ရှမ်းပြည်နယ်၊ ငပလီ၊ငွေဆောင်၊ချောင်းသာ ၊ကျိုက်ထီးရိုးဘုရားနဲ့ ရန်ကုန် စတဲ့နေရာတွေကိုသာ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေ သွားလာလို့ရပြီး ကျန်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ် ကနေရာအချို့ ၊ကချင်ပြည်နယ်တွေက သွားလာဖို့ ခက်ခဲတဲ့အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ခရီးသွားလုပ်ငန်းက ပြည်ပဧည့်သည်အဝင် နည်းပါးလွန်းတာကြောင့် ဧည့်လမ်းညွှန်တွေလည်း ဘာသာစကားသင်ကြားရေးပိုင်းကို ပြောင်းလဲလုပ်ကိုင်လာကြသလို ၊ နိုင်ငံခြားကို အလုပ်သွားရောက်လုပ်ကိုင်နေကြရတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့တည်းခိုခန်းပေါင်း ၂၀၀၀ နီးပါးရှိပြီး အခန်းပေါင်းက ၇၀၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။
#VOM #voiceofmyanmar #ဟိုတယ်နဲ့ခရီးသွားကဏ္ဍ