ဇွန် ၁၇ – ၂၀၂၃
GG (VOM)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ပေါ်မှတ် (၁) ရပ်ကွက်၊ ရွာလေးကွက်သစ်ပိုင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန် ၁၆ ရက်ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
” ဒေါ်အေးအေးနွယ်က နံရိုးအောက် ၁ချက်၊ လက်ပြတ်ရှဒဏ်ရာ ၁ချက်၊နဖူးပွန်းပဲ့ဒဏ်ရာတွေနဲ့နေရာမှာပဲသေဆုံးတယ်။သူ့ရဲ့ယောကျ်ားနဲ့သမီးက ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။နောက်ထပ် ခြံတစ်ခြံထဲလည်း လက်နက်ကျလို့ လင်မယား၂ယောက် ဒဏ်ရာရတယ် မစိုးရိမ်ရပါဘူး။ “လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကျလို့ သေဆုံးခဲ့သူကတော့ ကွက်သစ်ပိုင်းနေ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ဒေါ်အေးအေးနွယ် ဆိုသူဖြစ်ပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ရွာလေးကွက်သစ်ပိုင်းမှာပဲ နေထိုင်ကြတဲ့ သေဆုံးသူအမျိုးသမီးရဲ့အမျိုးသားဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးဇင်ဘိုလတ် နဲ့ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မသဇင်အောင် တို့ဖြစ်ပြီး နောက်ထပ်၂ယောက်ကလည်း အသက် ၃၅ နှစ်အရွယ် ဦးရှိန်းကျော်နဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာသန်း တို့လင်မယားတော်စပ်သူတို့ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးဒဏ်ရာရရသူတွေကိုတော့ သက်ဆိုင်ရတာဝန်ရှိသူတွေက ဆေးကုသဖို့ သိမ်ဇရပ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
” ဒဏ်ရာရသူရော၊သေဆုံးသူရော သက်ဆိုင်ရာက သူတို့ကားနဲ့ပဲခေါ်သွားတယ်။ တစ်ယောက်သေတယ်။လက်နက်ကြီးဘယ်လိုကျလဲ ဘာညာလည်းသေချာမသိရပါဘူး။လက်နက်ကျလို့သေတယ်၊ဒဏ်ရာရသူရှိတယ် ဒီလောက်ပဲသိရပါတယ် ” လို့ သိမ်ဇရပ်အခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လတ်တလော သိမ်ဇရပ်မြို့တစ်ဝိုက် တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ အခုလိုလက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး အရင်ကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှာ လက်နက်ကြီးကျတာ၊ နှစ်ဘက်ပစ်ခတ်တိုက်ပွဲတွေဖြစ်ပွားတာရှိခဲ့တယ်လို့ သိရပါတယ်။
#VOM #voiceofmyanmar #သိမ်ဇရပ် #လက်နက်ကြီးကျ #လူသေဆုံးမှု