ဇွန်၊၂၀-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်းမှာ မနေ့ ဇွန် ၁၉ ရက်က ဘုရားပန်း ကပ်လှူတာ၊ ပန်းသပိတ်ပြုလုပ်တာနဲ့ ပန်းသပိတ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လူမှုကွန်ယက်မှာ မျှဝေတဲ့ ဒေသခံ အယောက် ၇၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ အဖမ်းခံရသူတွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
”မနေ့က အဖမ်းခံရတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ ၊ ပန်းပန်ထားပြီး ဓာတ်ပုံရိုက်တင်ထားတဲ့သူတွေကို ဖုန်းကို စစ်ပြီးဖမ်းတာ ၊ကိုယ့်အိမ်မှာ မနေ့က ဘုရားပန်း ကပ်တဲ့သူတွေလည်း အဖမ်းခံရတယ်၊ အားလုံး အယောက် ၇၀ ကျော်မယ် ၊ နာမည်နဲ့ နေရပ် လိပ်စာတွေကတော့ ပြောဖို့ခက်တယ် ၊ အခု ၂၀ ရက် မနက်အထိတော့ ဖမ်းသွားသူတွေကို ဘယ်လိုလုပ်မယ်ဆိုတာ မသိရသေးပါဘူး၊ မော်လမြိုင်ကျွန်းဘက်က အဖမ်းခံရတာများတယ်။”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။
အဖမ်းခံရတဲ့ ဒေသခံ တစ်ဦးရဲ့မိသားစုဝင်က” အရပ်ဝတ်နဲ့ သူတွေ ကိုယ်သိတဲ့ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်၊ မီးသတ်၊ ရဲနဲ့ တပ်သားတွေလာဖမ်းတာ ကြောက်လိုက်တာ စစ်ဆင်ရေးသဖွယ်ပဲ ၊ ကြီးလေးတဲ့ပြစ်ဒဏ်ကျူးလွန်တာမဟုတ်ပါဘူး ၊ ဒါ့ကြောင့် အဖမ်းခံရတဲ့ ကလေးတွေ အကုန်ပြန်လွှတ်ပေးစေချင်တယ်၊ စိတ်တွေလည်း ညစ်တယ် ၊ ကလေးတွေကို ဘာတွေလုပ်မလည်းမသိတော့လေ။”လို့ ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက” မနေ့က အဖမ်းခံရတဲ့သူတွေအထဲမှာအမျိုးသမီးတွေ အများအပြား အဖမ်းခံခဲ့ရတယ်လို့ သိရတယ်၊ အခု မနက် ဖမ်းဆီးခံရသူတွေထဲက မော်လမြိုင်ကျွန်းဘက်က ၅ ယောက် ပြန်ပြန်လွှတ်ပေးခဲ့ပြီလို့ကြားသိရတယ်၊ အဆင်ပြေသွားမှာပါ။”လို့ ပြောပါတယ်။
မနေ့က အဖမ်းခံရသူတွေထဲမှာ ပုသိမ် ၊ မအူပင် ၊ ဟင်္သာတ ၊ လပွတ္တာ ၊ ပန်းတနော် ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ ၊ ဘိုကလေး စတဲ့မြို့နယ်တွေက အများဆုံး အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
#VOM #voiceofmyanmar #ဧရာဝတီတိုင်း #ပန်းသပိတ် #ဖမ်းဆီးခံရမှု