ပခုက္ကူမှာ နေအိမ်ထဲအိပ်နေတဲ့ မိသားစုဝင် အမျိုးသမီး ၅ ယောက်အသတ်ခံရ

ဇွန် ၂၁ -၂၀၂၃
GG(VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပေါက်တောရွာမှာ မနေ့က ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက နေအိမ်မှာအိပ်နေတဲ့ မိသားစုတစု အသတ်ခံရလို့ မိသားစုဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံလိုက်ရသူ ၅ ယောက်ဟာ ဆွေမျိုးတော်စပ်တဲ့ မိသားစုဝင် အမျိုးသမီးတွေချည်းဖြစ်ပြီး သေနတ်၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးကြတာဖြစ်တယ်လို့သိရပါတယ်။

” အိပ်နေချိန် လာပြီး သတ်သွားတာလို့သိရတယ်၊ လာသတ်တဲ့သူတွေက ၅ ယောက် ၆ ယောက်လောက်ရှိတယ်လို့ပြောတယ်။ အခုအသတ်ခံရတဲ့အထဲက အမျိုးသမီးတွေရဲ့ မောင်ဖြစ်သူကလည်း အရင်ရက်တုန်းကအသတ်ခံရတာရှိတယ်၊ စစ်တပ်က စစ်ဆေးတာ မေးမြန်းတာတွေလုပ်တာရှိပါတယ် ၊ဖြစ်တာက ၁၂ နာရီကျော်လောက်လို့သိရတယ် ” လို့ ပခုက္ကူ မြို့ခံတစ်ဦးကပြောပါတယ်။

အသတ်ခံရသူတွေကတော့ ဒေါ်စန်းစန်းအေး ၄၂နှစ်၊ ဒေါ်ဟန်စန်းနွယ် ၃၉နှစ်၊ မဇာမိုးအောင် ၁၄နှစ်၊ မခင်မာလင်း ၂၈နှစ်၊ မအေးသီတာ၂၅နှစ်တို့ဖြစ်ပြီး အားလုံးကို ဒီနေ့ ဇွန်လ ၂၁ ရက်န့မှာပဲ သဂြိုလ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

အသတ်ခံရသူတွေဟာ သတင်းပေးလို့စွပ်စွဲခံရတာတော့ရှိခဲ့ပေမယ့် ဘယ်သူကလာသတ်သွားတယ်ဆိုတာကိုတော့ VOM အနေနဲ့ အနည်မပြုနိုင်ပါဘူး။

ပခုက္ကူမြို့နယ်မှာ အရင်ကလည်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအသတ်ခံရတာ၊ လမ်းဘေး လူသတ်အလောင်းစွန့်ပစ်ခံရတာ၊ဖမ်းဆီးခံရတာ ၊လုယက်ခံရတာ ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားတာရှိခဲ့ပါတယ်။

#VOM #voiceofmyanmar #ပခုက္ကူ #အမျိုးသမီးငါးယောက်အသတ်ခံရ

Related posts

✕
VOM News

FREE
VIEW