ဇွန်၊ ၂၄-၂၀၂၃
MM(VOM)
တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့က စစ်ရှောင်တွေဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေအရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေဆီကနေ သိရပါတယ်။
အဲ့ဒီက စစ်ဘေးရှောင်တွေဟာ ဇွန်လ အတွင်းလက်နက်ကိုင်အဖွဲ့ ၂ ခုက တိုက်ပွဲဖြစ်ပွားလာတာကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးလာရတဲ့သူတွေဖြစ်ပြီး လက်ရှိ ယာယီတဲအိမ်ဆောက်ဖို့ အတွက် အမိုးအကာတွေ နဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတာလို့သိရပါတယ်။
”စစ်ဘေးရှောင်က အယောက် ၂၀၀၀ ကျော်ကျော် လောက်ရှိမယ် ၊နောက်ဆို အခုထက်စစ်ရှောင်အယောက်ရေပိုများလာမယ် ၊အခုက စစ်ရှောင်ကလေးတွေဆို အဝတ်အထည်တွေပါ လိုအပ်နေတာ ၊ နောက်လ နောက်ရက် အတွက် မပြောနဲ့ အခုလည်း စားဖို့ကို မရှိတာ၊ ခြင်တွေကလည်း အကိုက်ခံနေရတယ်၊ နောက်ပြီး တောစပ်ကျတဲ့ နေရာတွေမှာဆို မြွေအန္တရာယ်လည်း စိုးရိမ်နေရတာ ၊ အခုက မိုးကာနဲ့ စားဖို့ကတော့ အရေးပေါ်လိုအပ်နေတာ၊ ပိုက်ဆံရှိလည်း ဝယ်ယူလို့ မရတဲ့ ကန့်သတ်မှုတွေ ရှိနေတာ။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။
အဲ့ဒီ စစ်ဘေးရှောင်တွေထဲက ကလေးတွေဟာ မိုးရာသီ ရောက်ရှိလာပြီဖြစ်တဲ့ အတွက်ခြင်ကိုက်ခံရနေရပြီ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်နဲ့ ဖျားနားတဲ့ရောဂါတွေလည်း စတင်ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ စစ်ဘေးရှောင်တွေဟာ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကို သောက်နေရတဲ့အတွက် ဝမ်းပျက်၊ဝမ်းလျှောရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်က မြို့နယ်တွေမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေရှိတဲ့အတွက် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ဦးရေ ၂၅၀၀ ကျော်အထိရှိလာပြီဖြစ်တယ်လို့ စစ်ဘေး ရှောင်တွေကို ကူညီပေးနေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
#voiceofmyanmar #VOM #တနင်္သာရီ #စစ်ဘေးရှောင် #အကူအညီလိုအပ်