ဇွန် ၂၄၊ ၂၀၂၃
Shy V(VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မြို့၊ စက်မှုလမ်းဆုံးမှာ မနေ့ ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ည ၇ နာရီကျော်လောက်ပဲ။ စက်မှု လမ်းဆုံနား ဟုတ်တယ်၊ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့က စက်မှုလမ်းဆုံမှာ စစ်ဆေးချိန် ကားပေါ်က အော်ဆဲတာကြောင့် PDF ထင်ပြီး ပစ်ထည့်လိုက်တာ၊ ပစ်ခံရတဲ့ကားက ဆိုင်ကယ် နှစ်စီးကို တိုက်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မျက်မြင်တွေ့သူ ၁ ဦးက” ကားပေါ်မှာ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ၂ ဦးက ဆေးရုံရောက်မှ သေဆုံးသွားတယ်၊ အခု လောလောဆယ်တော့ သေတာသုံးယောက်။ မြောင်းထဲမှာ ကျန်သေးတယ်။ စုံစမ်းနေတယ်။ သေဆုံးသွားသူတွေက ကားဘော်ဒီ ရုံကဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ကျည်ထိထားသူတွေရော၊ ကားတိုက်ထားသူတွေရော ပါတယ်။”လို့ ပြောပါတယ်။
မူဆယ် ဗျူဟာက ပြောရေးဆိုခွင့်ရှိသူကတော့ “တပ် ဘက်က မသေဘူး။ အခု သူတို့မေးတဲ့ကားသမားက ဆဲဆိုတာကို PDF ထင်ပြီး ပစ်ထည့်လိုက်တာ။ ဘယ်အဖွဲ့မှ လာပစ်တာ မဟုတ်ဘူး။” လို့ ပြောပါတယ်။
ဒါ့အပြင် မူဆယ်မြို့၊ စွမ်စော် ၄ လမ်းမှာလည်း မနေ့ညပိုင်းကပဲ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ နောက်ထပ် ဒေသ ခံ တဦးက ပြောပါတယ်။
“မနေ့က နေရာမှာပဲ ပစ်ကြတယ်။ သူငယ်ချင်း တို့ အိမ်နား။ သူတို့ အိမ်အပြန် လမ်းထဲဝင်မရလို့ သူတို့တောင် ဆိုင်မှာပဲ အိပ်ကြတယ်။”လို့ ဒေသခံ အမျိုးသမီး ၁ ဦးကလည်း ပြောပါတယ်။
ပြည်သူ့စစ်နဲ့ နီးစပ်သူ ၁ ဦးကတော့ “ကား ၂ စီး ဖမ်းမိတယ်လို့ သိရတယ်။ ကားတစ်စီးမှာက လူမပါဘူး။ သေနတ်က ရထားတယ်။ လူက ထွက်ပြေးသွားတယ်။ ကား တစ်စီးက လူ တစ်ယောက် သေသွားတယ်။ ၂ ယောက်က ထိခိုက် ဒဏ်ရာရလို့ ဆေးရုံရောက်နေတယ်။”လို့ ပြောပါတယ်။
ဇွန်လ ၂၂ ရက် ည ၆ နာရီခွဲ ကျော်ခန့်ကလည်း ဟိုနားရပ်ကွက်၊ စက်မှုကုန်းက စာသင်ကျောင်းအနီး စတပ်နဲ့ ပြည်သူ့စစ် ကင်းလှည့်နေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ပစ်ခတ်ရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ကင်းလှည့်ကားပေါ်က လုံထန်ပြည်သူ့စစ် ၁ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၂၁ ရက် ည ၁၀ နာရီကျော်ခန့်ကလည်း မူဆယ် KBZ ကုန်းဆင်း၊ ချယ်ရီ ၁ လမ်း ထိပ်မှာ Honda Fit အဖြူရောင် အိမ်စီးကား တစီးကို အမည်မသိ လူ ၅ ဦး ခန့်က ပစ်ခတ်တာခံရပြီး ကားမောင်းနေတဲ့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။
မူဆယ်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ တပ်၊ ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀ ခန့်၊ KIA, TNLA, SSPP/SSAအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းတို့ သွားလာလှုပ်ရှားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ လုံခြုံရေးတင်းကြပ်ထားပေမယ့် မြို့ပေါ် မှာ မကြာခဏ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေ ဖြစ်ပွားနေပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ လောင်းကစားကုမ္ပဏီ နဲ့ KTV တွေ ပိုမို အလုပ်ဖြစ်လာကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Photo Crd- CJ
#voiceofmyanmar #VOM #မူဆယ် #ပစ်ခတ်မှု