မော်စကို ၊ ဇွန်-၂၄-၂၀၂၃
မျိုးဆက်(VOM)
ရုရှားနဲ့အတူ ယူကရိန်းစစ်မြေပြင်မှာ တိုက်ပွဲ၀င်ပေးနေတဲ့ ကြေးစားစစ်သားအဖွဲ့ ၀ဂ္ဂနာရဲ့ ပုန်ကန်မှုဟာ နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ပြီး သစ္စာဖောက်သူတွေကို အပြစ်ပေးအရေးယူသွားမယ်လို့ ရုရှားသမ္မတပူတင်က ဇွန် ၂၄ ရက်ကပြောကြားခဲ့ အရေးပေါ်မိန့်ခွန်းမှာ ကတိပြုပြောဆိုလိုက်ပါတယ်။
သူ့အနေနဲ့ ရုရှားကိုကာကွယ်ဖို့ အားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပြီး ၀ဂ္ဂနာအဖွဲ့က ကြေးစားစစ်သားတွေ ထိန်းချုပ်ထားပြီး စစ်ဘက်ဆိုင်ရာအခြေအနေတွေကို ထိန်းချုပ်ထားတယ်လို့ ပြောဆိုထားတဲ့ ရိုစ်တော့အွန်ဒွန်မြိုကအခြေအနေ တည်ငြိမ်စေဖို့ ပြတ်ပြတ်သားသားကိုင်တွယ်သွားမယ်လို့ ပူတင်ကဆိုပါတယ်။
အလွန်အကျွံရည်မှန်းချက်တွေနဲ့ အမြတ်အစွန်းအကျိုးစီးပွားတွေကြောင့် ၀ဂ္ဂနာအဖွဲ့ဟာ နိုင်ငံတော်ပုန်ကန်မှုဆီ ဦးတည်သွားတာဖြစ်ပြီး ဒါဟာနောက်ကျောကို ဓါးနဲ့ထိုးတဲ့လုပ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတက ပြောပါတယ်။
ဒါဟာ ရုရှားအတွက်ရော ပြည်သူတွေအတွက်ပါ ထိုးနှက်ချက်တစ်ခုဖြစ်ပြီး ဒီခြိမ်းခြောက်မှုတွေကနေ အဖမြေကိုကာကွယ်ဖို့ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေ ကြမ်းတမ်းလိမ့်မယ်လို့ ပူတင်ကပြောပါတယ်။
၀ဂ္ဂနာကြေးစားအဖွဲ့ဟာ အာဏာသိမ်းဖို့ ကြံစည်တဲ့လုပ်ရပ်ဖို့ ရုရှားဘက်က စွပ်စွဲထားပါတယ်။ အာဏာသိမ်းဖို့ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ၀ဂ္ဂနာအဖွဲ့အကြီးအကဲ ပရီဂိုဇင်က ငြင်းဆိုထားပေမယ့် ရုရှားစစ်တပ်ကို ပုန်ကုန်ကြဖို့သူက တိုက်တွန်းထားပါတယ်။
သစ္စာဖောက်လမ်းစဉ်ကို တမင်တကာလျှောက်လှမ်းသူ၊ လက်နက်ကိုင်တော်လှန်ဖို့ ပြင်ဆင်နေသူ၊ အကြမ်းဖက်သမားတွေလမ်းအတိုင်းလိုက်သူအားလုံးဟာ ဥပဒေနဲ့ ပြည်သူတွေအတွက် မလွှဲမသွေအပြစ်ပေးခံရမယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုပါတယ်။
၀ဂ္ဂနာအဖွဲ့ရဲ့ အကြီးအကဲ ပရီဂိုဇင်ကတော့ သူတို့အဖွဲ့ဟာ ရုရှားနိုင်ငံထဲကို ဖြတ်ကျော်၀င်ရောက်ပြီး အဓိကစစ်ဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ရုရှားစစ်ခေါင်းဆောင်တွေကို ဖြုတ်ချပစ်မယ်လို့ ကတိပြုထားကာ သူနဲ့သူ့ရဲ့စစ်သား ၂၅၀၀၀ တို့ဟာ သေဖို့အသင့်ပြင်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: CAN/ BBC
Photo:AP
#voiceofmyanmar #VOM #မော်စကို