ဇွန် ၂၅ – ၂၀၂၃
GG (VOM)
တရုတ် – မြန်မာ နယ်စပ်ကနေ မြန်မာဘက်ကို ပစ္စည်းတင်သွင်းနေတဲ့ သွင်းကုန်လုပ်ငန်းအားလုံး ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။
ဘဏ်စနစ်သုံးပြီး တရုတ်ကနေ သွင်းကုန်ပစ္စည်း တင်သွင်းတဲ့အခါ ပြည်တွင်းကနေ ပို့ကုန်တင်ပို့ပြီး ရတဲ့ ဝင်ငွေ နဲ့ အခြားဝင်ငွေတွေ၊ ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူရရှိထားတဲ့ ငွေစာရင်းလက်ကျန်(ယွမ်ငွေ)ပမာဏကိုသာ အသုံးပြုပြီး တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
ဘဏ်စာရင်းထဲမှာရှိတဲ့ ငွေပမာဏထက်ကျော်လွန်ပြီး တရုတ်ဘက်ကနေ ပစ္စည်းတင်သွင်းခွင့်မပြုကြောင်း၊ ဘဏ်စာရင်းထဲက ငွေပမာအပေါ်မူတည်ပြီးသာ သွင်းကုန်လိုင်စင်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
” ဘဏ်စနစ်နဲ့ ဆောင်ရွက်ရမယ်ဟုတ်တယ်။အဲ့ဒါကသွင်းကုန်သမားတွေအတွက် ပိုထိတယ်။သူတို့တဖက်ကနေ ပစ္စည်းတင်သွင်းမယ်ဆိုရင် ဒီဘက်ကနေ ပစ္စည်းတင်ပို့ရောင်းချထားတဲ့ ပို့ကုန်ရငွေ ရှိရမယ်။ အဲ့ဒါ ဘဏ်စာရင်းထဲမှာရှိရမယ်၊ အဲ့ဒီဘဏ်စာရင်းထဲကရှိတဲ့ ယွမ်ငွေပမာဏအရပဲ ပစ္စည်းတင်သွင်းလို့ရမယ်။အပြင်ကနေ ငွေထပ်ဝယ်ပြီးတော့ တင်သွင်းလို့မရဘူးပေါ့။” လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။
ဒါ့ကြောင့် သွင်းကုန်လိုင်စင်လျှောက်ထားမယ်ဆိုရင် ပို့ကုန်ရငွေ ၊အခြားဝင်ငွေဝင်ရောက်ကြောင်း အထောက်အထား၊ ပြည်တွင်းဘဏ်ကနေ ဝယ်ယူထားကြောင်း ဘဏ်ကထုတ်ပေးတဲ့ အထောက်အထား၊ ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်း တွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
ပို့ကုန်ရငွေ ၊ အခြားဝင်ငွေ ဝင်ရောက်မှုကလည်း လက်ရှိ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဘဏ်စာရင်းထဲ ဝင်ရောက်ထားတဲ့ ဝင်ငွေတွေကိုသာ အသုံးပြုဆောင်ရွက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဘဏ်စနစ်ကိုတော့ လာမယ့် ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ကျင့်သုံးမှာဖြစ်ကြောင်း သွင်းကုန်လိုင်စင်ခွင့်ပြုရာမှာ နယ်စပ်ဒေသကနေ တင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်လျှောက်ထားမှုအားလုံးကို Non-Automatic Licensing စနစ်နဲ့ ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း ” ကုန်သွယ်မှုလိုငွေ မဖြစ်ပေါ်စေဖို့အတွက် ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းကို တတ်နိုင်သမျှ ပြည်ပကနေ မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းကိုသာ စိစစ်တင်သွင်းဖို့ဆိုပြီး စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးစာထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာနိုင်ငံကို နယ်စပ်ကတဆင့် တင်သွင်းနေတဲ့ပစ္စည်းတွေက ဆေးနဲ့ ဆေးဝါးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊လျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စတဲ့ပစ္စည်းတွေကို တင်သွင်းနေတာဖြစ်တယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #နယ်စပ်ကုန်သွယ်ရေး #ဘဏ်စနစ်ပြောင်းလဲ