ဇွန် ၂၆ – ၂၀၂၃
GG (VOM)
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့မှာ ဒီနေ့ ဇွန်၂၆ ရက် မနက်ပိုင်းက နယ်ထိန်းခေါင်းဆောင်ဆိုသူနဲ့ အငြိမ်းစား ရဲအရာရှိတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး အငြိမ်းစားရဲအရာရှိသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” ဟုတ်တယ် အခုမနက် ၆ နာရီကျော်လောက်က သေနတ်နဲ့လိုက်ပစ်ခံရတာပါ။သူတို့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာကိုပဲ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး သေနတ်နဲ့ပစ်တာလို့သိရတယ်၊ တစ်ယောက်က နေရာမှာပဲသေတယ်။တစ်ယောက်ကတော့ ဒဏ်ရာရတယ်လို့သိရတယ် “လို့ ဆင်မြီးဆွဲမြို့ခံတစ်ဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခံရပြီး နေရာမှာပဲသေဆုံးတဲ့ အငြိမ်းစားရဲအရာရှိကတော့ ဦးစိုးသက်အောင်ဆိုသူ ဖြစ်ပြီး ကျောဖောက်ဝင်သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒဏ်ရာရသူကတော့ ဆင်မြီးဆွဲမြို့နယ် ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ကျော်ကျော်ဆိုသူဖြစ်ပြီး ဆေးကုသဖို့အတွက် ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
လက်ရှိ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊သဲကုန်း၊ဆင်းမြီးဆွဲ မြို့နယ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ တင်းကြပ်ထားပြီး ပစ်ခတ်ခဲ့သူတွေကို လိုက်လံရှာဖွေနေတယ်လို့သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကိုတော့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂၊သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၄ TPDF နဲ့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၁ PPDFတို့ကနေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့လူမှုကွန်ယက်ကနေထုတ်ပြန်မှုအရ သိရပါတယ်။
#voiceofmyanmar #VOM #ပြည် #ပစ်ခတ်မှု #အငြိမ်းစားရဲအရာရှိသေဆုံး