တောင်ကြီးက မူးယစ်ဆေးဝါး မီးရှို့ပွဲမှာ ကျောင်းသား/သူ အယောက် ၃၀ ကျော် မူးမေ့လဲကျမှုဖြစ်ပွားခဲ့

ဇွန် ၂၇ – ၂၀၂၃
SN (VOM)

‌ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်စီးတဲ့ပွဲမှာ ကားတာရာကို မီးပုံရှို့တဲ့ ညှော်နံ့တွေ၊ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးရာကနေ ထွက်လာတဲ့ အငွေ့တွေကို ရှူရှိုက်မိတာကြောင့် ကျောင်းသား/သူ ၃၀ ကျော် မူးမေ့၊ သတိလစ် လဲကျခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။

မနေ့ ဇွန် ၂၆ ရက်က တောင်ကြီးမြို့နယ်ရှိ အဝေရာမီးပုံးပျံကွင်းမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို ပညာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အရ တောင်ကြီးမြို့၊ အမှတ် ၂ အထက်တန်းကျောင်းမှ ကျောင်းသား/သူတွေ တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

“ခေတ်အဆက်ဆက် လွဲနေတာက အခုထိလည်း လွဲနေတုန်းပဲ။ ဒီလိုနေရာတွေက ကလေးတွေမသွားသင့်တဲ့နေရာတွေဆိုတာ မသိတာလား။ မူးယစ်ဆေးဝါးကို မီးရှို့ရင် အနံ့က အရမ်းဆိုးတာလေ။ ကလေးတွေက ဘယ်ခံနိုင်မလဲ။ တစ်ယောက်ပြီးတစ်‌ယောက် မူးလဲကုန်ကြတာ။ ကျောင်းသူလေးတွေက အများဆုံးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့အခမ်းနားကို တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူတွေထဲက လူဦးရေ ၃၅ ဦးနီးပါး မူးလဲခဲ့တာကြောင့် သက်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ဝင်တွေနဲ့ စေတနာ့လုပ်အားရှင်တွေက ရှေးဦးသူနာပြုစုပေးခဲ့ပြီး ၁၃ ဦးကိုတော့ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

အခမ်းအနား တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူတွေဟာ ၇ တန်း၊ ၈ တန်းတွေ ဖြစ်ကြပြီး လေ့လာရေးအနေနဲ့ တက်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ အဝေရာမီးပုံပျံကွင်းအတွင်း ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိတဲ့ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ Ice (အိုက်စ်)၊ Ketamine (ကတ်တမင်း) စတဲ့ မြန်မာငွေကျပ် ၃၅၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက အနံ့အသက် ဆိုးရွားတဲ့အတွက် ပြောင်းရွှေ့ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့်လည်း ဒီနေ့အထိ ဆက်လက်လုပ်‌ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့
#voiceofmyanmar #VOM #တောင်ကြီး #မူးယစ်ဆေးမီးရှို့ပွဲ #ကျောင်းသား/သူလဲကျ

Related posts

Leave a Comment

VOM News

FREE
VIEW