ပူတာအိုမှာ ရက်ဆက်မိုးရွာသွန်းလို့ လမ်းတံတားတွေ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ

ဇွန်၊၂၈-၂၀၂၃
MM(VOM)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်မှာ အချိန် တစ်ပတ်လောက်အထိ ရက်ဆက်မိုးရွာသွန်းခဲ့တဲ့
ဒဏ်ကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားတွေပျက်စီးသွားကာ ဒေသလမ်းပန်းဆက်သွယ် ရေးလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေ
ဆီကနေ သိရပါတယ်။

”ပြီးခဲ့တဲ့ ၂၁ ရက်လောက်ကတည်းက မိုးကအဆက် မပြတ်ရွာနေတာ၊ဒီနေ့ ၂၈ ရက်နေ့အထိဆို တစ်ပတ် လောက်တောင်ရှိလာပြီ ၊ဒီတော့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပေ့ါ ၊မနေ့ကတော့ ရေက နည်းနည်းရေပြန် ကျသွားတယ်၊ရေကျသွားပေမယ့် ပူတာအို-မချမ်းဘော-နောင်မွန်းကား လမ်းပေါ်မှာ တောင်ကမ်းပါးပြိုကျမှုဖြစ်ပွားနေတယ်၊အဲ့ဒီ အနားက တံတားချဉ်းကပ်လမ်းမြေသား ရေတိုက်စားသွားတယ်၊ ဒါ့ကြောင့် မြေသားပြိုကျမှုတွေဖြစ်နေပါတယ်၊ တစ်ခြားနေရာတွေမှာလည်း လမ်း၊ တံတားတွေမနည်းပျက်စီးကုန်တယ်၊ လက်ရှိအချိန်ထိ ပူတာအိုလမ်းကြောင်းကသွားမရသေးဘူး ၊ နောင်မွန်း မြို့နယ်ဘက်က ဒီလမ်းဘဲ အဓိကအားထားရတာ၊အခုက ကားမပြောနဲ့ ဆိုင်ကယ် တောင်သွားမရသေးဘူး ၊လမ်းပန်းဆက်သွယ်ရေးကလုံးဝပြတ်တောက်နေတာ။ ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နောင်မွန်းမြို့နယ်ရှိ ကားသမားတစ်ဦးက”နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီ ကျေးလက်လမ်းပေါ်က အလျား ၅ ပေ၊ အနံ ၂၄ပေရှိတဲ့ တံတားတစ်စင်း ရေတိုက်စားလို့ ချဉ်းကပ်လမ်းပြိုကျပြီး တံတား တိမ်းစောင်းပျက်စီးတယ်၊ ဒါ့အပြင် နောင်မွန်းနဲ့ အနီးအနားက ကျေးရွာတွေကို ဆက်သွယ်ထားတဲ့တံတားတွေလည်း ရေတွေတိုက်စားလို့ ပျက်ကုန်လို့ ကားတွေသွားမရတော့ဘူး။”လို့ ပြောပါတယ်။

နောင်မွန်း- ကဆန်ခူး လမ်းပေါ်က ဒေသခံတစ်ဦးက ”နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီ ဘေလီသံဘောင် တံတား ချဉ်းကပ်လမ်း ၈ ပေလောက် အထိချောင်းရေ တိုက်စားပြိုကျမှုများဖြစ်ပေါ်ခဲ့တယ်၊ဟိုဘက်ကနောင်မွန်း -နမ်ပန်ဒမ်းကျေးရွာသွားကားလမ်းပေါ်က ကြိုးတံတားရဲ့ ချဉ်းကပ်လမ်းပေါ်မှာ မြေသား ၁၅ ပေလောက်လည်း ပြိုကျမှုတွေဖြစ်ပေါ်နေတယ်၊ အခု အဲ့ဒီလမ်းပိုင်းကလည်း ပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်၊နေရာတော်တော် များများမှာ တောင်ပြိုကျမှုတွေလည်းဖြစ်ပေါ်နေတယ် ၊ဒါ့ကြောင့် လမ်းတွေလမ်းပိတ်ဆို့မှုဖြစ်ပေါ်နေတာပါ”လို့ ပြောပါတယ်။

တာဝန်ရှိတဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက”မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ဖြစ်တာ၊ တောင်ကျရေတွေက တဟုန်ထိုးစီးဆင်းနေတာကြောင့် အပျက်အစီးများသွားတာ၊အခုပျက်စီးခဲ့တဲ့ လမ်း၊တံတားတွေကို အပိုင်းလိုက် ခွဲပြီး နယ်မြေမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့တွေ ၊ ပရဟိတအဖွဲ့တွေ ရပ်မိရပ်ဖတွေပူးပေါင်းပြီး ယာယီသွားလာနိုင်ဖို့ လမ်းလွှဲတွေလုပ်ပေးတာ၊ ပြိုကျ ပျက်စီးတာတွေ ရှင်းလင်းပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်။”လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ အခုလို မိုးဦးကာလ ရက်ဆက် မိုးရွာသွန်းတာဟာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့ တဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ အားကောင်းတဲ့ မုတ်သုံလေကြောင့်ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ
သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလကလည်း အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတွေ တိုက်ခတ်ပြီး ရေကြီးရေလျှံတာတွေဖြစ် ပေါ်ခဲ့လို့ နေအိမ်တွေ ပျက်စီတာ၊ တိရိစ္ဆာန်တွေ သေဆုံးတာအထိဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

Photo Credit- Kyaw Min Tun
#voiceofmyanmar #VOM #ပူတာအို

Related posts

Leave a Comment

VOM News

FREE
VIEW