တနိုင်ငံလုံးမှာ အခုနှစ် ၆လအတွင်း မီးလောင်မှု(၉၄၂)ကြိမ်ရှိခဲ့ပြီး လူ(၅၅)ဦးသေဆုံးခဲ့

ဇူလိုင် ၃၀-၂၀၂၃
MM(VOM)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခု၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ (၆)လအတွင်း မီးလောင်မှုအကြိမ်ရေ (၉၄၂)ကြိမ်ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် လူ(၈၈၅၂)ယောက်မီးဘေးသင့်ခဲ့ပြီး လူ(၅၅)ယောက်သေဆုံးကာ (၁၂၆)ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် နေအိမ်၊ စက်ရုံ၊ အလုပ်ရုံတွေ အပါအဝင်အဆောက်အဦ(၂၅၀၀)ကျော်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၃ ဒသမ ၆၆ ဘီလီယံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

”မီးလောင်မှုတွေက ခြောက်သွေ့ရာသီမှ မဟုတ်ဘဲ အခုလို မိုးကာလတွေမှာလည်း ဖြစ်လာတယ်၊ ဒါ့ကြောင့် မီးလောင်မှုဖြစ်စဉ်တွေ မဖြစ်မှ ပျက်စီးဆုံးရှုံးတာတွေ လျော့ကျသွားမယ်၊ အားလုံးက မီးကိုသတိနဲ့အသုံးပြုဖို့ တိုက်တွန်းချင်တယ်”လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ (၆)လအတွင်း မီးစတင်လောင်ကျွမ်းရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနဲ့ မိုးကြိုးပစ်တဲ့မီးတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်ရဲ့(၆)လအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို နှိုင်းယှဉ်တဲ့အခါ နွေကာလ ဧပြီလထဲမှာ မီးလောင်မှု(၂၀၅)ကြိမ်အထိဖြစ်ပွားခဲ့ပြီး ဧပြီလတစ်လတည်း သေဆုံးသူ (၁၆)ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ(၂၁) ယောက်နဲ့ အများဆုံးလ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခုထုတ်ပြန်စာရင်း မီးလောင်မှုတွေထဲမှာ
ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေက မီးလောင်မှု၊ မီးရှို့မှု၊ သေဆုံးသူတွေရဲ့ အချက်အလက် ထုတ်ပြန်ထားတာကိုတော့ မတွေ့ရပါဘူး။

မီးသတ်တပ်ဖွဲ့အနေနဲ့ တိုင်း၊ပြည်နယ်နဲ့ ခရိုင် မြို့နယ်တွေက မီးသတ်ဦးစီးဌာနတွေနဲ့ ပေါင်းစပ်ကာ မီးလောင်မှု မဖြစ်ပွားစေရေးနဲ့ မီးလောင်မှုဖြစ်ပါက ပျက်စီးဆုံးရှုံးမှု နည်းပါးစေဖို့ မီးဘေး သရုပ်ပြတာ၊ မီးဘေးလက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ၊ မီးဘေးသတိပေး ပိုစတာ၊ဆိုင်းဘုတ် စိုက်ထူတာတွေကို လုပ်ပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #၆လတာမီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW