တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်တဲ့ ဦးညိုစောဆိုတာ ဘယ်သူလဲ

နေပြည်တော်၊ မတ်- ၃၁- ၂၀၂၆
VOICE OF MYANMAR
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယသမ္မတ ရွေးချယ်ပွဲမှာ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးညိုစောကို တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ မဲ အရေအ တွက် စုစုပေါင်း ၁,၄၈၇ မဲ (စုစုပေါင်းမဲ ၉၇.၅၇ ရာခိုင်နှုန်း)နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးညိုစော ဟာ ၂၀၂၅ ခုနှစ် ဇူလှိုင် ၃၁ ရက်နေ့ကနေ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံ တော်လုံခြုံရေး နဲ့ အေးချမ်းသာယာရေးကော်မရှင် ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။
နိုင်ငံတော်လုံခြုံရေး နဲ့ အေးချမ်းသာယာရေးကော်မရှင် မတိုင်ခင်ကဦးညိုစောဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ် တာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးညိုစော ဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၂၃ ဆင်းဖြစ်ပြီး နဝတအစိုးရလက်ထက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အမှတ် ၃၀၃ ခြေမြန်တပ်ရင်းကို တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။
ဦးညိုစော ဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိတပ်မတော်နည်းပညာတက္ကသိုလ်နှင့်စစ်တက္ကသိုလ်တွေမှာ ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူး အဖြစ်လည်းကောင်း၊၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူးအဖြစ်နဲ့ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဧပြီလအထိတပ်မတော်အတွက် တိုက်လေယာဉ်နဲ့ စစ်လက်နက်များ ဝယ်ယူရေးကအစ ကုန်ပစ္စည်းများ ဝယ်ယူရေးအထိ အဆုံးအဖြတ်ပေးရတဲ့ အဆင့်မြင့်ရာထူး စစ်ထောက်ချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW