အင်းတော်ကြီးနဲ့ ဟိုပင်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ တောင်ပြိုကျလို့ ပျက်စီးဆုံးရှုံးမှုတွေရှိ

ဇူလိုင်၊ ၂၉-၂၀၂၃
MM(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသနဲ့ ဟိုပင်ဒေသမှာ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ရက်ဆက်ရွာသွန်းတဲ့ မိုးဒဏ်ကြောင့် တောင်ပြိုကျမှု၊ ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့သူတွေဆီကနေ သိရပါတယ်။

ဟိုပင်မြို့အနီးက သရက်ချောင်းရေကြီးလျှံမှုဖြစ်ပွားပြီး ဟိုပင်မြို့၊ ကုလားကုန်းရပ်ကွက်က နေအိမ် ၁လုံး၊ အိမ်စီးကား ၁ စီး၊ ဆိုင်ကယ် ၁စီးမျောပါဆုံးရှုံးခဲ့ကာ အနိမ့်ပိုင်းရပ်ကွက် ၆ ခုထက်မနည်းမှာလည်း ရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသ နန့်မွန်း တောင်ကျေချောင်း၊ မိုင်းနောင်းကျေးရွာအနီးမှ ခေါင်းတုံးချောင်းနန့်စင်ချောင်း စတဲ့ချောင်းတွေမှာ ရေတွေထိုးတက်ခဲ့ပြီး နစ်မြုပ်ခဲ့လို့ အခုနှစ် စိုက်ပျိုးထားတဲ့ လယ်ဧက ၄၀၀ နီးမှာ ရွှံ့နွံတွေ ဖုံးလွှမ်းပြီးပျက်စီးခဲ့ကြောင်း၊ မိုင်နောင်ကျေးရွာ အ.ထ.က ကျောင်းက မြောက်ဘက်အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

”လက်ရှိ သဘာဝဘေးသင့်သူတွေကို ဘေးလွတ်တဲ့ဆီ ရွှေ့ပြောင်းပေးထားတယ်၊ ရေကြီးတယ်၊ မိုးရွာတယ်၊ မြေပြိုကျတယ်၊ သဘာဘေး ၃ မျိုးလောက် တစ်ခါတည်း ဖြစ်တော့ ပျက်စီးဆုံးရှုံးတွေကများတာပေါ့။”လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့တစ်ဦးကပြောပါတယ်။

အဲ့ဒီ ရေကြီး ရေလျှံ ၊ မြေပြိုတာတွေဖြစ်နေတဲ့ ဒေသမှာ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လယ်ပိုင်းအထိမိုးတွေရွာသွန်းနေပြီး နောက်ရက် မိုးဆက်ရွာရင် ရေကြီး ရေလျှံတာတွေ၊ မြေပြိုကျတာတွေ ထပ်မံဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

သဘာဘေးတွေ ဖြစ်ပေါ်နေတဲ့ဒေသမှ ကားသမားတစ်ဦးက ” အခုအထိ ဒီနေ့ ၂၉ ရက် အထိပေါ့နော်၊ နန့်မွန်းမြို့နဲ့ ဟိုပင်မြို့ကြား၊ နန့်မွန်းမြို့နဲ့ မိုးညှင်းမြို့ကြားမှာရှိတဲ့ ကားလမ်းပေါ်မှာ မြေပြိုကျမှုတွေဖြစ်ပွားထားတယ်၊ မြေတွေ၊ အမှိုက်များတွေ ကားလမ်းပေါ်မှာ ပိတ်ဆို့တင်နေတယ်၊ကားတွေသွားမရဖြစ်နေတယ်၊ မိုးကလည်း မနက်ကတည်းက တစ်အားရွာနေတယ်၊
အခု အထိတော့ ကား ၆ စီးလောက် လမ်းမှာ ပိတ်နေတယ် ၊ မရှင်းနိုင်သေးရင်တော့ ထပ်ပိတ်မှာ။”လို့ ပြောပါတယ်။

လတ်တလော မိုးလေသဝအခြေအနေအနေနဲ့
ဒီနေ့ ဇူလိုင်၂၉ ရက် ညနေ ၄ နာရီအချိန် မိုးလေဝသနဲ့ ဇဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းရပ်ဝန်း(LowPressure Area)ဟာ ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနက်ဖြန် ဇူလိုင် ၃၀ ရက်အထိ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာဒေသအလိုက်နဲ့ စစ်ကိုင်း တိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ ရခိုင်ပြည်နယ်တို့ မှာနေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ ရက်ကလည်း ဟဲပုကျေးရွာဝန်းကျင်မှာ ၁ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး စံချိန်တင်ရေကြီးကာတောင် ပြိုပြီး တောင်ကျချောင်းများ ရေလမ်းပြောင်းမှုဖြစ်ပေါ်ခဲ့ လို့ လယ်ဧက ၁၀၀ နီးပါး ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Photo- Credit- Min Min
#voiceofmyanmar #VOM #အင်းတော်ကြီး #ဟိုပင် #ရေကြီးရေလျှံ

Related posts

Leave a Comment

VOM News

FREE
VIEW