အရင်ဖြေထားတဲ့ JLPT စာမေးပွဲရလဒ်ကို မကြေညာဘဲ နောက်ထပ်လျှောက်လွှာတွေ ရောင်းနေလို့ ဖြေဆိုထားသူတွေ အခက်တွေ့နေ

ဇူလိုင် ၂၈ – ၂၀၂၃
GG(VOM)

အရင်ဖြေဆိုထားတဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT စာမေးပွဲရလဒ်ကို မကြေညာဘဲ နောက်ထပ်ကျင်းပမယ့် JLPT အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာထပ်မံခေါ်နေတာကြောင့် စာမေးပွဲဖြေဆိုထားသူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

အခုဇူလိုင်လထဲမှာ JLPT စာမေးပွဲ တစ်ကြိမ် ဖြေဆိုထားကြကြောင်း၊ အဲ့ဒီဖြေဆိုပြီး စာမေးပွဲ ရလဒ်ကို ခုထိမကြေငြာဘဲ ဒီဇင်ဘာလမှာကျင်းပမယ့် စာမေးပွဲအတွက် ဖောင်လျှောက်လွှာတွေ ရောင်းချမယ့်ရက်ကို ကြေညာပြီး ဖောင်ပိတ်ရက်ကိုသာ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာနေတာဖြစ်တယ်လို့ သိရပါတယ်။

” တကယ်ဆို စာမေးပွဲရလဒ်ကို အရင်ကြေညာရမှာလေ၊ဒါမှ မအောင်သူက ထပ်ဖြေဖို့လုပ်လို့ရမှာ၊အခုက ကျမတို့က ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး လမ်းပျောက်နေပါတယ်။စာမေးပွဲရလဒ်ကြေညာမယ်ဆိုပြီး ကြားနေရတဲ့ရက်ကကျ သူတို့ထပ်ကျင်းပမယ့် စာမေးပွဲ ဖောင်ပိတ်ရက်ထက်နောက်ကျနေတယ်။ ဘယ်လိုတွေ စီမံခန့်ခွဲနေတာလည်း မသိတော့ပါဘူး ၊ အခုကတော့ စောင့်ကြည့်နေရတာပါပဲ”လို့ JLPT စာမေးပွဲဖြေဆိုထားသူတစ်ဦးက ပြောပါတယ်။

လျှောက်လွှာအရောင်းကာလက ရန်ကုန်စာဖြေဌာနမှာ သြဂုတ် ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိဖြစ်ပြီး လျှောက်လွှာလက်ခံမှာက ၁၂ ရက်နေ့ကနေ ၁၈ ရက်အထိဖြစ်ကြောင်း၊မန္တလေးစာဖြေဌာနကတော့ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ လျှောက်လွှာရောင်းပြီး ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိဖြစ်တယ်လို့ သိရပါတယ်။

“၇ လပိုင်း result ကို ဘယ်တော့သိရမှာလဲဆိုတာမပြောဘဲ ၁၂ လပိုင်းအတွက် ကြိုတင်ခိုင်းနေတာကြီးက အဆင်မပြေပါဘူး ၊ရလဒ်သိရပြီးတင်ရတာ ကျောင်းသားတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်၊ မဖြစ်နိုင်တဲ့ level မှာ လူတွေထပ်နေပြီး ဖောင်မရတာတွေ မဖြေတာတွေဆို တကယ်ဖြေမယ့်သူတွေ နစ်နာပါတယ်။ဖုန်းဆက်တော့လည်း အမြဲစက်ပိတ်ပါတယ်။ဆက်မရပါဘူး။ ကောမန့်တွေ သူတို့ပေ့ချ်အောက်ပလူပျံနေလည်း ဂရုမစိုက်ဘူး”လို့ စာမေးပွဲဖြေဆိုထားသူ နောက်ထပ်တစ်ဦးကပြောပါတယ်။

စာမေးပွဲကြေးနဲ့ လျှောက်လွှာတင်ကြေးကတော့ N1 နဲ့ N2 အတွက်က ငွေ ကျပ် ၅၀၀၀၀၊ N3၊ N4 နဲ့ N5 အတွက်က ငွေကျပ် ၄၅၀၀၀ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာရောင်းချတဲ့အခါ လာ‌ရောက်ဝယ်ယူသူ များနိုင်တာကြောင့် လူစုလူဝေးဖြစ်ပေါ်‌မှုကို ထိန်းချုပ်နိုင်ဖို့ ရက်ချိန်းယူတဲ့စနစ် (Booking System)နဲ့ လျှောက်လွှာရောင်းချမှာ ဖြစ်တယ်လို့လည်း MAJA က အသိပေးထားပါတယ်။

လျှောက်လွှာရောင်းချတဲ့အခါ သင်တန်းကျောင်းတစ်ခုကို လျှောက်လွှာအစောင်ရေ ၁၅၀ သာ အကန့်အသတ်နဲ့ရောင်းချမှာဖြစ်ပြီး လိုင်စင်ရှိသင်တန်းကျောင်းကိုသာ ရောင်းမှာဖြစ်ကာ သင်တန်းရုံးခွဲတွေ မပါဝင်ဘူးလို့လည်း အသိပေးထားပါတယ်။

အခု လျှောက်လွှာရောင်းချပေးမှာကတော့ လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာကျင်းပခဲ့တဲ့ JLPT စာမေးပွဲ လျှောက်လွှာရောင်းချတဲ့အချိန် လူအရမ်းများတာကြောင့် လူစုလူဝေးဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ၊ အခြေခံလုပ်ခလစာရရှိမှုနည်းပါးလွန်းတာ စတဲ့အခက်အခဲတွေကြောင့် ​ မိန်းကလေး၊ ယောကျ်ားလေး လူငယ်လူရွယ်အများစုဟာ ဂျပန်နိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo- ယခင်ပုံဟောင်း
#voiceofmyanmar #VOM #JLPTစာမေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW